
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဗီနီစီးယပ်စ်ကို လူမျိုးရေးခွဲခြားစော်ကားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ဘင်ဖီကာကွင်းလယ်လူ ပရက်စတီယားနီးက သူဟာ လူမျိုးရေးခွဲခြားတဲ့စကားလုံးကို မသုံးခဲ့ဘဲ ဗီနီစီးယပ်စ်က သူ့ရဲ့အရပ်အမောင်းကို အရင်စော်ကားခဲ့တာပါလို့ ပြန်လည်တုံ့ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဗီနီစီးယပ်စ်က ဂိုးသွင်းပြီးနောက် ဘင်ဖီကာ ပရိသတ်တွေရှေ့မှာ သွားရောက်အောင်ပွဲခံရာကနေ ၂ ယောက်အကြား အခြေအနေတွေ တင်းမာခဲ့တာပါ။
အဲဒီအချိန်မှာ ပရက်စတီယားနီးက ဗီနီစီးယပ်စ်ကို မျောက်လို့ခေါ်ပြီး လူမျိုးရေးခွဲခြားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ UEFA က သူ့ကို ယာယီတပွဲ ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။
အာဂျင်တီးနားလူငယ်ကြယ်ပွင့် ပရက်စတီယားနီးကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပြီး ဗီနီစီးယပ်စ်က သူ့ကို ‘Dwarf’ (ဂျပု) လို့ အရင်နှိမ်ချခဲ့တာကြောင့် သူက ဒေါသထွက်ပြီး ‘maricon’ လိုခေါ်တဲ့ လိင်တူစော်ကားတဲ့ ရိုင်းစိုင်းတဲ့ စကားလုံးနဲ့ပဲ ပြန်လည်ဆဲရေးခဲ့တာပါလို့ ခုခံချေပထားပါတယ်။
ဒါပေမဲ့ ဒီစကားလုံးဟာလည်း လိင်တူချစ်သူတွေကို စော်ကားတဲ့ ရိုင်းစိုင်းတဲ့ အသုံးအနှုန်း ဖြစ်တာကြောင့် UEFA ရဲ့ အရေးယူမှုကို ဆက်လက်ရင်ဆိုင်ရဖို့ ရှိနေပါတယ်။


