
ရီးရဲလ်မက်ဒရစ်နောက်ခံလူ ဒင်းဟောက်ဆန်ဟာ တရုတ်လူမျိုးတွေရဲ့ မျက်လုံးပုံစံကို လှောင်ပြောင်ထားတဲ့ ပို့စ်တခုကို အင်စတာဂရမ်မှာ ပြန်လည်မျှဝေခဲ့မိလို့ တရုတ်ပရိသတ်တွေကို တရားဝင် တောင်းပန်လိုက်ရပါတယ်။
အသက် ၂၀ အရွယ်ရှိ ဟောက်ဆန်ဟာ အာရှသားတယောက်ရဲ့ မျက်လုံးကို သွားပွတ်ကြိုးနဲ့ နှိင်းယှဉ်ကာ ခွဲခြားဆက်ဆံထားတဲ့ ပုံရိပ်ကို လူမှုကွန်ရက်မှာ ပြန်တင်ခဲ့တာပါ။
ဒီလုပ်ရပ်ကြောင့် တရုတ်ဆိုရှယ်မီဒီယာ ဝီဘို (Weibo) မှာ ဝေဖန်မှုတွေ ပြင်းထန်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းက တရုတ်ဘာသာစကားနဲ့ တောင်းပန်စာ ထုတ်ပြန်ပေးခဲ့ရပါတယ်။
ဟောက်ဆန်ကတော့ “ကျနော့်ရဲ့ တရုတ်သူငယ်ချင်းတွေကို အလေးအနက် တောင်းပန်ပါတယ်။ ဒါဟာ အမှတ်မထင် မျှဝေလိုက်မိတာဖြစ်ပြီး စိတ်အနှောင့်အယှက် ဖြစ်စေခဲ့တဲ့အတွက် နောင်တရမိပါတယ်” လို့ ပြန်လည်ဖြေရှင်းထားပါတယ်။
ဒါပေမဲ့ တရုတ်ပရိသတ်တွေကတော့ ဒီတောင်းပန်မှုကို ဝီဘို လူမှုကွန်ရက် တခုတည်းမှာတင် မဟုတ်ဘဲ နိုင်ငံတကာပလက်ဖောင်းတွေမှာပါ လူသိရှင်ကြားလုပ်ဖို့ ဆက်လက်တောင်းဆိုနေကြပါတယ်။


