
ရီးရဲလ်မက်ဒရစ် တောင်ပံတိုက်စစ်ကစားသမားဖြစ်တဲ့ ဘရာဇီးသား ဗင်နီစီးယက်စ်ဟာ ရီးရဲလ်ကစားဘဝ ၈ နှစ်တာ ကာလအတွင်းမှာ လူမျိုးရေးခွဲခြားခံရမှု အကြိမ်ပေါင်း ၂၀ ထိ ရှိလာပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့မနက်က ဘင်ဖီကာအိမ်ကွင်းမှာ ကစားခဲ့တဲ့ ဥရောပချန်ပီယံလိဂ်ပွဲမှာလည်း ဂိုးသွင်းပြီးနောက်ပိုင်း ဘင်ဖီကာကစားသမား ပရက်စတီနီရဲ့ လူမျိုးရေးခွဲခြားမှု ခံခဲ့ရတယ်လို့ ဗင်နီစီးယက်စ်က ကွင်းလယ်ဒိုင်ကို တိုင်ကြားခဲ့ပါတယ်။
ဒီဖြစ်စဥ်ကြောင့် ပွဲကို ၁၀ မိနစ်လောက် နားခဲ့ရပြီး ပရက်စတီနီက ငြင်းဆိုခဲ့ပေမဲ့ အသင်းဖော်ဖြစ်သူ အမ်ဘာပေက သူလည်းပဲ လူမျိုးရေးခွဲခြားတဲ့ စကားလုံးကို ၅ ကြိမ်တိုင် ကြားခဲ့ရတယ်လို့ အတည်ပြု ပြောဆိုခဲ့ပါတယ်။
ပွဲအပြီးမှာတော့ ဘင်ဖီကာနည်းပြ မော်ရင်ညိုက “ဒီလိုဂိုးမျိုး သွင်းပြီးသွားရင် တဖက်အသင်းကို လေးစားမှုရှိရှိ အောင်ပွဲခံသင့်ပါတယ်” လို့ ဗင်နီစီးယက်စ်ရဲ့ အနိုင်ဂိုးသွင်းပြီး အောင်ပွဲခံပုံကို ဝေဖန်ခဲ့ပါတယ်။
ဗင်နီစီးယက်စ်ဟာ ၂၀၂၁ အောက်တိုဘာ၊ ၂၀၂၂ မတ်၊ ၂၀၂၂ စက်တင်ဘာ၊ ၂၀၂၃ မေ တို့မှာ ပြိုင်ဘက်အသင်း ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံခဲ့ရပါတယ်။
ဒါ့အပြင် စပိန်အားကစားရုပ်သံ အစီအစဉ်တခုမှာ အေးဂျင့်များအသင်းဥက္ကဋ္ဌက ဗီနီစီးယက်စ်ကို “မျောက်တကောင်လို ပြုမူနေတာတွေ ရပ်တန့်သင့်ပြီ” လို့ လူမျိုးရေးခွဲခြားပြောဆိုတာ ခံခဲ့ရပါတယ်။


