Home
မြန်မာသတင်း
တရုတ်လူမျိုးများထံက လာဘ်ငွေယူပြီး မှတ်ပုံတင်လုပ်ပေးသည့် လားရှိုး လဝက ဦးစီးမှူး ပြောင်းရွှေ့ခံရ 
DVB
·
August 12, 2025

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ဦးစီးမှူးဟာ မှတ်ပုံတင်နဲ့ မွေးစာရင်းသွင်းတာတွေအတွက် အကြီးအကျယ် လာဘ်စားထားတာ ကြောင့် အခုတပတ်ထဲ နေရာ ပြောင်းရွှေ့လိုက်ပြီလို့ သူနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

လားရှိုး လဝကမှာ တရုတ်လူမျိုးတွေ မှတ်ပုံတင်နဲ့ ကလေးမွေးစာရင်းလုပ်ရင် သိန်းဆယ်ချီ ပေးရပြီး တိုင်းရင်းသားတွေဆိုရင် ၃၀၀,၀၀၀ ပေးရတာကြောင့် စစ်တပ်ကလာတဲ့ ဦးစီးမှူး ဦးခင်မောင်ထွန်းကို ပြောင်းရွှေ့လိုက်တာဖြစ်ပြီး ပြီးခဲ့တဲ့ ၁၀ ရက်နေ့က နှုတ်ဆက်ပွဲ လုပ်တယ်လို့ ဆိုပါတယ်။

ဦးစီးမှူး ဦးခင်မောင်ထွန်းနဲ့ နီးစပ်သူတယောက်က “ပြီးခဲ့တဲ့နှစ်ရက်က နှုတ်ဆက်ပွဲ မိတ်ဆုံစားပွဲတောင် လုပ်သွားပြီးပြီ။ ဘယ်ကိုပြောင်းခံရတာလဲ ဆိုတာတော့ မသိဘူး။ အခု ဦးခင်မောင်ထွန်း နေရာကို ရောက်လာမယ့် တယောက်က ဦးအောင်ကျော်သက်၊ သူက တပွင့်ဖြစ်ကတည်းက လားရှိုးကနေ ပြောင်းသွားတာ။ အခု ၃ ပွင့်နဲ့ လားရှိုးကို ပြန်ဝင်လာမှာ” လို့ ပြောပါတယ်။

လားရှိုးလဝကမှ ဦးစီးမှူး ဦးခင်မောင်ထွန်းနဲ့ ၂ ပွင့်အရာရှိ ဒေါ်သီတာမြင့်တို့မှာ လာဘ်ငွေအစားဆုံး ဖြစ်သလို တရုတ်လူမျိုးတွေကို သိန်း ၂၀ ကနေ သိန်း ၁၀၀ အထိ တောင်းတယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “တရုတ်ဆိုရင် သိန်းဆယ်ချီတောင်းတယ်။ တိုင်းရင်းသားဆိုရင် ၃၀၀,၀၀၀ ပေါ့။ အဲဒီဟာက လုပ်ခပဲ။ ကလေးက တနှစ်ဆို ၁၀၀,၀၀၀ တောင်းတယ်။ ကလေးက ၅ နှစ်ရှိပြီ ဆိုပါစို့။ လုပ်ပေးခက ၃၀၀,၀၀၀ ရယ်၊ ၅ နှစ်အတွက် ၅၀၀,၀၀၀ ရယ် စုစုပေါင်း ၈၀၀,၀၀၀ တောင်းတယ်။ တိုင်းရင်းသားတွေကျတော့ ပိုက်ဆံမရတော့ သိပ်မလုပ်ပေးချင်ဘူး။ ပိုက်ဆံရတဲ့ဟာတွေလောက်ပဲ ဦးစားပေးလုပ်တော့တာ။ တန်းစီခိုင်းတယ်၊ မသိရင် တန်းစီစနစ်နဲ့ လုပ်ပေးနေတယ်လို့ ထင်အောင်။ နောက်ကနေ ပွဲစားနဲ့ဝင်လာတာတွေကို ဦးစားပေးတာ။ ပွဲစားကိုလည်း ရုံးထဲမဝင်ရဆိုပြီး လက်မခံသလိုလိုလုပ်တာ။ ပွဲစားနဲ့က အပြင်မှာ ဖုန်းနဲ့ချိတ်ပြီးမှ အချက်အလက်ပေးတာ။ ပိုက်ဆံ သိန်းဆယ်ချီ ရှာပေးနိုင်တဲ့ ပွဲစားကိုပဲ ရုံးထဲဝင်ခွင့်ပြုတယ်” လို့ ပြောပါတယ်။

လားရှိုးမြို့ကို MNDAA က သိမ်းပိုက်ပြီးနောက် တရုတ်ရဲ့ဖိအားပေးမှုကြောင့် ဧပြီ ၂၁ ရက်မှာ ပြန်ဆုတ်ပေးလိုက်ရပြီး စစ်ကောင်စီတပ်တွေနဲ့ အုပ်ချုပ်ရေးပိုင်းတွေ ဝင်ရောက်အခြေချနေတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013