
ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဗီနီစီးယပ်စ်ကို လူမျိုးရေးခွဲခြား စော်ကားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဘန်ဖီကာ ကစားသမား ပရက်စတီယားနီးကို ဥရောပဘောလုံးအဖွဲချုပ် (UEFA) က ယာယီတပွဲ ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။
အဆိုပါပွဲစဉ်မှာ ဗီနီစီးယပ်စ်က သူ့အပေါ် ပရက်စတီယားနီးက လူမျိုးရေးခွဲခြားတဲ့ စကားလုံးတွေ သုံးနှုန်းခဲ့ကြောင်း ဒိုင်လူကြီးကို တိုင်ကြားခဲ့တာဖြစ်ပြီး၊ အခြေအနေတွေ တင်းမာခဲ့တာကြောင့် ပွဲကို ၁၀ မိနစ်ခန့် ခေတ္တရပ်နားခဲ့ရပါတယ်။
အသက်၂၀ ရှိ အာဂျင်တီးနားသား ပရက်စတီယားနီးကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပေမဲ့ UEFA ကတော့ အထောက်အထား ခိုင်လုံမှုရှိတယ်လို ယူဆတာကြောင့် အပြီးသတ်စုံစမ်းစစ်ဆေးမှု မပြီးခင်မှာပဲ အခုလို ယာယီပွဲပယ်လိုက်တာပါ။
အာဂျင်တီနားသားဟာ မနက်ဖြန် ကစားရမဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်တော့မှာ ဖြစ်ပါတယ်။
ဘန်ဖီကာအသင်းဘက်ကတော့ ဒီဆုံးဖြတ်ချက်အပေါ် အယူခံဝင်သွားမှာဖြစ်ပြီး လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေးမှာ အမြဲရပ်တည်သွားမယ်လို့ ထုတ်ပြန်ပါတယ်။


