
ရီးရဲလ်မက်ဒရစ်အသင်းဟာ အိမ်ကွင်းမှာ ဂီတာဖေးကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဇယားထိပ်က ဘာစီလိုနာနဲ့ ၄ မှတ်အထိ ပြတ်သွားပါတယ်။
ဒီပွဲမှာ ဂီတာဖေးအတွက် အနိုင်ဂိုးကို ပထမပိုင်းမှာတင် ဆာထရီယာနိုက လှပတဲ့ကန်ချက်နဲ့ သွင်းယူပေးခဲ့တာပါ။
ဒါဟာ ရီးရဲလ်အတွက် လာလီဂါမှာ ၂ ပွဲဆက် ရှုံးနိမ့်မှုဖြစ်ပြီး ချန်ပီယံဆုအတွက် ထိုးနှက်ချက် ဖြစ်စေခဲ့ပါတယ်။
ဒီပွဲမှာ ရီးရဲလ်ဟာ ဒူးဒဏ်ရာကြောင့် ပါရီမှာ ဆေးစစ်မှုခံယူနေတဲ့ အမ်ဘာပေအပြင် ဂျုဒ်ဘယ်လင်ဂမ်ကိုပါ ဒဏ်ရာကြောင့် ဆုံးရှုံးထားရတာပါ။
ဒုတိယပိုင်းမှာ နည်းပြ အာဘီလိုအာက ထရန့် အလက်ဇန္ဒားအာနိုး အပါအဝင် လူစားလဲမှု ၃ ယောက်အထိ ပြုလုပ်ပြီး တိုက်စစ်မြှင့်ခဲ့ပေမဲ့ ဂီတာဖေးရဲ့ခံစစ်ကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။
ပွဲပြီးခါနီးမှာတော့ ရီးရဲလ်လူငယ်ကြယ်ပွင့် မာစတန်တူအိုနိုက ဒိုင်ကို ရိုင်းစိုင်းစွာ ပြောဆိုလို့ တိုက်ရိုက်အနီကတ် ပြခံရသလို ဂီတာဖေးဘက်က အေဒရီယန်လီဆိုလည်း အချိန်ဆွဲလို့ ဒုတိယအဝါကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။
နည်းပြ အာဘီလိုအာဟာ အသင်းကို တာဝန်ယူခဲ့တဲ့ ၁၂ ပွဲမှာ ၄ ပွဲအထိ ရှုံးနိမ့်ထားပါတယ်။


