Home
မြန်မာသတင်း
ကုန်ဈေးနှုန်း အဆမတန်မြင့်တက်ပြီး လုပ်အားခနည်းပါးသဖြင့် အခြေခံလုပ်သားများ အခက်ကြုံ 
DVB
·
March 15, 2026
Photo: DVB

မြန်မာပြည်တွင်းမှာ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်တာကြောင့် တရက် လုပ်အားခ ငွေကျပ် ၁၀,၀၀၀ အောက်သာ ရရှိနေတဲ့ အလုပ်သမားတွေအတွက်  လက်ရှိဝင်ငွေနဲ့ လောက်ငှမှု မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ 

စစ်တပ် အာဏာသိမ်းပြီးနောက် အခြေခံကုန်ဈေးနှုန်းတွေ မြင့်တက်လာတဲ့ကြားမှာ အခြေခံလုပ်အားခ တိုးပေးဖို့ အလုပ်သမားတွေက နှစ်စဉ် တောင်းဆိုနေကြပေမဲ့ လက်ရှိအချိန်ထိ ဖူလုံတဲ့ လုပ်ခနှုန်းထားကို မရသေးဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

၂၀၂၆ ခုနှစ် နှစ်စပိုင်းကစပြီး လုပ်အားခ တိုးပေးဖို့ စက်ရုံ ၁၀ ရုံလောက်က အလုပ်သမားတွေက ဆန္ဒပြ တောင်းဆိုခဲ့ကြပေမဲ့ ပြေလည်မှုမရခဲ့ဘဲ အလုပ်သမားတွေကို စက်ရုံဘက်က စစ်တပ်နဲ့ ရဲခေါ်ပြီး ဖိအားပေး ခြိမ်းခြောက်တာတွေလည်း ရှိခဲ့ပါတယ်။

စက်ရုံ အလုပ်သမတယောက်က “ရက်‌ပေါင်း ၃၀ နဲ့ တွက်စားလိုက်မယ်ဆိုရင် ညီမတို့ အိမ်လခနဲ့ စားစရိတ်နဲ့ ဆန်တပြည်တောင် အနည်းဆုံး ၈,၀၀၀ ကျပ်ရှိတယ်။ ဒါ အလယ်အလတ်တန်းစားရဲ့ ဆန်ဈေးပေါ့။ လုံးဝကို အဆင်မပြေဘူး။ မလောက်ငတာ ဖြစ်တဲ့အတွက် လုပ်ခလစာက အဆင်မပြေဘူး။ Day ကြေး တိုးတောင်းတဲ့အခါမျိုးမှာ လုပ်ခလစာ နည်းတယ်။ ၁၀,၀၀၀ နဲ့တောင် မလောက်ငှတာ။ တလကို Day ကြေး ပုံမှန် ကျပ် ၃ သိန်းပဲ ရှိမယ်ဆိုရင် ညီမတို့ မိဘတွေကိုလည်း ပြန်မပေးနိုင်ဘူး။ Day ကြေး တိုးတောင်းတဲ့အပေါ်မှာလည်း တိုးတောင်းတဲ့ ရုံတွေမှာ အလုပ်သမားတွေက ဖိနှိပ်ခံရတယ်။ စစ်တပ်ခေါ်ပြီး ခြိမ်းခြောက်ခံရတယ်။ လူမိုက်တွေခေါ်ပြီးတော့လည်း ခြိမ်းခြောက်ခံနေရတယ်”လို့ ပြောပါတယ်။

ရန်ကုန်မြို့မှာ နေထိုင်စရိတ် ကြီးမြင့်လာပြီး အိမ်ငှားခတွေက အနည်းဆုံး ကျပ်တသိန်းခွဲကနေ ၃ သိန်းဝန်းကျင်အထိ ရှိနေပါတယ်။ 

လက်ရှိအချိန်မှာတော့ အဆောင်ငှားခတွေက အနည်းဆုံး ကျပ် ၈၅,၀၀၀ ကနေ တသိန်း ဝန်းကျင်ရှိနေပြီး၊ တရက် Day ကြေး ၁၅,၀၀၀ ရရင်တောင် နေစရိတ်နဲ့ စားစရိတ်မှာ ကုန်သွားတဲ့ အခြေအနေ ဖြစ်နေပါတယ်။

စက်ရုံအများစုက အနိမ့်ဆုံးလုပ်ခလစာကို ကျပ် ၄,၈၀၀ အပေါ်မှာ အခြေခံတွက်ချက်ပေးတာ ဖြစ်ပြီး၊ အပိုထောက်ပံ့ကြေး အပါအဝင် ၇,၈၀၀ ကျပ်နှုန်းထားကလည်း လက်ရှိ ကုန်ဈေးနှုန်းနဲ့ မကိုက်ညီတဲ့ အခြေအနေ ဖြစ်နေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ပြည်တွင်း အလုပ်သမားရေးလှုပ်ရှားသူတယောက်က “အခုက Labor Market မှာ ၇,၈၀၀ သတ်မှတ်ထားပေမဲ့ တကယ်တမ်းက ၇,၈၀၀ နဲ့ ပေးတဲ့ ဘယ်စက်ရုံမှာမှ ဘယ်သူမှ လုပ်မှာ မဟုတ်ဘူး။ အခုပဲ စက်ရုံတွေမှာ ၁၂,၅၀၀ တို့၊ ၁၁,၀၀၀ တို့ ဆန္ဒပြတောင်းဆိုနေတာ မရဘူးဆိုရင် အလုပ်သမားက ထွက်သွားမှာပဲ။ ဘယ်စက်ရုံမှာ ၁၃,၀၀၀ ပေးတယ်။ ၁၄,၀၀၀ ပေးတယ်။ ဒီလိုပဲ ရွှေ့သွားကြတာပဲ။ ဘာလုပ်သက်မှ မနှမြောဘူး။ ဘာလျော်ကြေးမှလည်း မနှမြောဘူး။ အဲဒီတော့ ဒီ Labor Market မှာက လိုက်ပြီးတော့ လက်ရှိ ဖြစ်ပေါ်နေတဲ့ ကုန်ဈေးနှုန်းအတိုင်း ပေးမယ်ဆိုရင် အနိမ့်ဆုံးလုပ်ခလစာကို ပြောင်းလဲရမယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီး ၅ နှစ်အတွင်း အလုပ်သမားဝန်ကြီး ၅ ယောက်အထိ ပြောင်းလဲခဲ့ပေမဲ့ အလုပ်သမားတွေ ဖူလုံတဲ့ လုပ်ခရရှိရေးအတွက် ထိရောက်တဲ့ ဖြေရှင်းမှု မရှိသေးဘူးလို့ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေက ပြောပါတယ်။

ကုန်ဈေးနှုန်း မြင့်တက်လာမှုနဲ့ လုပ်ခ နည်းပါးမှုတွေကြောင့် ပြည်တွင်း စက်ရုံအလုပ်သမားတွေဟာ စားဝတ်နေရေး အခက်အခဲ ပိုမိုကြုံနေရပြီး လုပ်ခတိုးမြှင့်ပေးရေး တောင်းဆိုမှုတွေ ဆက်လက် ဖြစ်ပေါ်နိုင်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ခန့်မှန်းထားပါတယ်။ 

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013