Home
မြန်မာသတင်း
ပြည်တွင်း ဒေါ်လာဈေးနှင့် ရွှေဈေး ဆက်တိုက် ကျနေသော်လည်း ကုန်ဈေးနှုန်း မကျ
DVB
·
October 3, 2025

ပြည်တွင်းအခေါက်ရွှေဈေးနဲ့ အမေရိကန်ဒေါ်လာဈေး ဆက်တိုက်ပြန်ကျဆင်းလာပြီး အောက်တိုဘာ ၂ ရက် မနေ့ညနေပိုင်းမှာ အမေရိကန် တဒေါ်လာကို ၃,၉၂၅-၄,၀၂၅ ကျပ်၊ အခေါက်ရွှေဈေးက တကျပ်သားကို ကျပ်သိန်း ၈၀ အောက်ထိ ထပ်မံကျဆင်းလာတယ်လို့ ရွှေနဲ့ ဒေါ်လာဈေးကွက်ကနေ သိရပါတယ်။

အခေါက်ရွှေဈေးနှုန်းဟာ စက်တင်ဘာ ၃၀ ရက်က တကျပ်သားကို ကျပ် ၈၁ သိန်းဝန်းကျင် အရောင်းအဝယ်ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်းကလည်း ကျပ် ၄,၁၄၀ ဝန်းကျင် ရှိခဲ့ရာကနေ ဈေးဆက်တိုက်ပြန်ကျဆင်းလာတာပါ။ စက်တင်ဘာလဆန်းမှာ ဒေါ်လာဈေးက ကျပ်  ၄,၄၀၀ ဝန်းကျင်မှာ ရှိခဲ့ပါတယ်။

နိုင်ငံတကာဈေးကွက်မှာ ကမ္ဘာ့ရွှေဈေး အတက်ဆက်ရှိနေပေမဲ့ ပြည်တွင်းရွှေဈေးက ဒေါ်လာဈေး အကျကြောင့် ဈေးထပ်ဆင်းလာတာလို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

ပြည်တွင်းဒေါ်လာဈေး ပြန်ကျလာရတဲ့ အကြောင်းအရင်းကိုတော့ စကစက ပြည်ပသွင်းကုန်တွေ ပိတ်ဆို့ကန့်သတ်တာ၊ ပို့ကုန်ရငွေတွေကို ကျပ်ငွေလဲခိုင်းတာ၊ ပြည်ပရောက် အလုပ်သမားတွေရဲ့ လစာ ၂၅ ရာခိုင်နှုန်းကို မဖြစ်မနေ ပြန်လွှဲခိုင်းတာ၊ ဗဟိုဘဏ်က ဒေါ်လာ သန်းပေါင်းများစွာ ထုတ်ရောင်းတာ စတဲ့ အကြောင်းအရင်းတွေကြောင့် ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ကတော့ အောက်တိုဘာ ၂ ရက်မှာ စက်သုံးဆီလုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ ၂၅ သန်း ရောင်းချပေးမယ်လို့ ကြေညာထားပါတယ်။

အခုလို အကြောင်းအမျိုးမျိုးကြောင့် အမေရိကန်ဒေါ်လာစျေး ပြန်လည်ကျဆင်းနေပေမဲ့ ဝင်ငွေနဲ့ ထွက်ငွေ မမျှလို့ အကျပ်အတည်းဆိုက်နေတဲ့ လူထုကတော့ အခြေခံကုန်စျေးနှုန်းကျဖို့ မျှော်လင့်နေကြပါတယ်။

ရန်ကုန်မြို့နေ အိမ်ရှင်မတယောက်က “ကျမတို့ကတော့ ကုန်ဈေးနှုန်းနဲ့ တိုက်ခန်းငှားခတွေ ကျစေချင်တာပါ။ ကျန်တာ တက်ချင်တက်၊ ကျချင်ကျပဲ။ နေဖို့ စားဖို့တောင် အနိုင်နိုင်ဆိုတော့ ရွှေတွေ ဒေါ်လာတွေလည်း စိတ်မဝင်စားနိုင်ဘူး” လို့ ပြောပါတယ်။

ပြည်တွင်းမှာတော့ အာဏာသိမ်းကာလအတွင်း ဆေးဝါးနဲ့ အခြေခံစားသောက်ကုန်တွေ အပါအဝင် ကုန်ပစ္စည်းဈေးနှုန်းတွေဟာ အနည်းဆုံး ၃ ဆကနေ ၆ ဆ ဝန်းကျင်အထိ အမျိုးအစားပေါ် မူတည်ပြီး ဈေးမြင့်တက်နေတာပါ။

သွင်းကုန်တွေကို ကန့်သတ်ထားတာကြောင့် လက်ရှိမှာ ပြည်ပကသွင်းတဲ့ ကုန်ပစ္စည်း အမျိုးအစားတွေ ရှာရခက်ပြီး ဈေးမြင့်နေတဲ့အပြင် လျှပ်စစ်မီး အပြည့်အဝ မရတာနဲ့ တခြား အကြောင်းမျိုးစုံကြောင့် ပြည်တွင်းထုတ်ကုန်တွေကလည်း စျေးမြင့်နေဆဲပါ။

တောင်ကြီးအခြေစိုက် ပရဟိတလုပ်ငန်း လုပ်ကိုင်သူတယောက်က “ကျနော်တို့ တောင်ကြီးမှာ ကုန်ပစ္စည်းတော်တော်များများ ဝယ်မရတော့ဘူး။ ဝယ်လို့ရတာတွေကျတော့လည်း ဈေးက မတန်တဆ တက်သွားတယ်” လို့ ပြောပါတယ်။

ငွေကြေးမူဝါဒ ကျွမ်းကျင်သူတွေကတော့ အခုလို ကျပ်ငွေဈေး ပြန်မာလာတာဟာ ငွေကြေးဖောင်းပွမှု ကျဆင်းပြီး မူဝါဒ အခြေခိုင် ကောင်းမွန်လို့ မဟုတ်ဘဲ ရောင်းလိုအားနဲ့ ဝယ်လိုအားကို အမိန့်နဲ့ ထိန်းညှိထားတာကြောင့် ဈေးမာနေတာဖြစ်လို့ ရေရှည်မှာတော့ ကျပ်ငွေဈေး ဆက်မာနေဖို့ ခက်ခဲမယ်လို့ သုံးသပ်ကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013