
ကမ္ဘာ့ရွှေဈေးနဲ့အတူ တရိပ်ရိပ်မြင့်တက်လာတဲ့ ပြည်တွင်းအခေါက်ရွှေဈေးဟာ ဒီကနေ့ စက်တင်ဘာ ၉ ရက်မှာ တကျပ်သားကို ကျပ်သိန်း ၈၀ နီးပါး ရောက်ရှိလာပါတယ်။
ပြည်တွင်းရွှေဈေးဟာ သြဂုတ်လ နောက်ဆုံးပတ်က တကျပ်သားကို ကျပ် ၇၄ သိန်းအောက်ထိ ဆင်းခဲ့ပေမဲ့ လက်ရှိမှာ ကမ္ဘာ့ရွှေဈေး တောက်လျှောက်တက်လာမှုနဲ့အတူ ပြန်မြင့်တက်နေတာပါ။
ဒီကနေ့ စက်တင်ဘာ ၉ ရက်မှာ ကမ္ဘာ့ရွှေဈေးက အမြင့်ဆုံး တအောင်စကို အမေရိကန်ဒေါ်လာ ၃,၆၈၅ ဒေါ်လာအထိ တက်ခဲ့ပြီး သက်တမ်းတလျှောက် စံချိန်တင် အမြင့်ဆုံးဈေးနှုန်းကို ရောက်ရှိနေပါတယ်။
ကမ္ဘာ့နိုင်ငံတွေအကြား တင်းမာမှုတွေ၊ ပဋိပက္ခတွေ၊ မသေချာမှုတွေအပြင် ကမ္ဘာ့ဈေးကွက်မှာ ဒေါ်လာတန်ဖိုး ကျလာတာကြောင့် ကမ္ဘာ့ရွှေဈေး တက်လာတာဖြစ်ပြီး ကမ္ဘာ့ရွှေဈေး မြင့်တက်လာလို့ ပြည်တွင်းရွှေဈေးလည်း လိုက်ပါမြင့်တက်နေတာလို့ ဈေးကွက်လေ့လာသူတွေက သုံးသပ်ပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာမှာ ဖြစ်ခဲ့တဲ့ ဒေါ်လာ ၂,၅၀၀ ဝန်းကျင်နဲ့ နှိုင်းယှဉ်ရင် တနှစ်အတွင်း ဒေါ်လာ ၁,၁၀၀ ကျော်၊ ရာခိုင်နှုန်းအနေနဲ့ ၄၅ ရာခိုင်နှုန်းကျော် မြင့်တက်လာတာ ဖြစ်ပါတယ်။
ပြည်တွင်းရွှေဈေးကတော့ ပြီးခဲ့တဲ့နှစ် အခုလိုကာလတုန်းက တကျပ်သားကို ကျပ် ၆၅ သိန်းဝန်းကျင်မှာပဲ ရှိခဲ့ပြီး တနှစ်အတွင်း ကျပ် ၁၅ သိန်းဝန်းကျင် မြင့်တက်လာခဲ့တာပါ။
တဖက်မှာတော့ စကစရဲ့ ပြည်ပသွင်းကုန် ထိန်းချုပ်မှုကြောင့် အမေရိကန် ဒေါ်လာဈေးက တဖြည်းဖြည်း ပြန်ကျဆင်းနေပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ နောက်ဆုံးပတ်က တဒေါ်လာရောင်းဈေး ၄,၃၆၀ ဝန်းကျင်ရှိခဲ့ပြီး ဒီကနေ့ စက်တင်ဘာ ၉ ရက် မနက်ပိုင်းမှာတော့ ၄,၃၀၀ ဝန်းကျင်သာ ရှိပါတယ်။
ဈေးကွက်လေ့လာသူတယောက်က “ဒေါ်လာဈေးက ဆက်တိုက် ပြန်ကျနေတယ်။ တကယ်လို့ ကမ္ဘာ့ရွှေဈေး တက်သလို ဒေါ်လာဈေးလည်း တက်နေမယ်ဆိုရင် ရွှေဈေးက ဒီထက်ပိုတက်နိုင်တယ်” လို့ ပြောပါတယ်။
အခုလို ပြင်ပဈေးကွက်မှာ ရွှေဈေးဟာ တကျပ်သား ကျပ်သိန်း ၈၀ ဝန်းကျင်ကို ပြန်ရောက်လာပေမဲ့ စစ်ကောင်စီရဲ့ ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီရဲ့ ဒီမနက်ပိုင်း ဈေးဖွင့်လှစ်မှုမှာတော့ တကျပ်သားကို ကျပ် ၅,၉၆၀,၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။