
မကြာသေးခင် ရက်ပိုင်းက တကျပ်သားကို ကျပ် ၇၄ သိန်းအောက်ထိ ထိုးကျခဲ့တဲ့ ပြည်တွင်း အခေါက်ရွှေဈေးဟာ ဩဂုတ် ၂၆ ရက်မှာတော့ ကျပ် ၇၆ သိန်းအထက်ကို ပြန်မြင့်တက်လာပါတယ်။
ရွှေဈေးဟာ ဇွန်လပိုင်းမှာ တကျပ်သား ကျပ် ၈၁ သိန်းအထိ မြင့်တက်ခဲ့ပြီး ဩဂုတ်လ တတိယပတ်မှာ ကျပ် ၇၃ သိန်းခွဲအထိ ပြန်ကျဆင်းခဲ့ကာ လက်ရှိမှာတော့ ပြန်လည်မြင့်တက်နေတာပါ။
တဖက်မှာလည်း ကမ္ဘာ့ရွှေဈေးကတော့ ဒီနေ့မွန်းလွဲပိုင်းမှာ တအောင်စကို ၃,၃၇၈ ဒေါ်လာအထိ ရောက်ရှိနေပြီး နှစ်ပတ်အတွင်း အမြင့်ဆုံးဈေး ဖြစ်ခဲ့ပါတယ်။
ပြည်တွင်းရွှေဈေးက ဒေါ်လာငွေလဲနှုန်းနဲ့ နိုင်ငံတကာ ရွှေဈေးအပေါ် မူတည်နေတာ ဖြစ်တဲ့အတွက် ဒေါ်လာနဲ့ ကမ္ဘာ့ရွှေဈေး အတက်မှာ မြန်မာ့ရွှေဈေးအပေါ် သက်ရောက်မှုရှိလာတာ ဖြစ်တယ်လို့ ရွှေဈေးကွက် လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။
ပြင်ပဈေးကွက်မှာတော့ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းဟာလည်း ဩဂုတ် ၂၂ ရက်က တဒေါ်လာကို ကျပ် ၄,၃၀၀ အောက်အထိ ဆင်းခဲ့ပြီး လက်ရှိမှာ တဒေါ်လာကို ၄,၃၆၀ ကျပ်ကို ပြန်လည်မြင့်တက်နေပါတယ်။
အခုလို ဒေါ်လာဈေး၊ ကမ္ဘာ့ရွှေဈေးနဲ့အတူ ပြင်ပရွှေဈေး ပြန်လည်မြင့်တက်လာပေမဲ့ YGEA ရဲ့ သတ်မှတ်ဈေးကတော့ အခေါက်ရွှေ တကျပ်သားကို ကျပ် ၅၉ သိန်းဝန်းကျင်မှာပဲ ဆက်ရှိနေတာ တွေ့ရပါတယ်။