
မြန်မာပြည်တွင်းရွှေစျေးဟာ ပြီးခဲ့တဲ့လတွေအတွင်းက အနည်းငယ်ငြိမ်သက်ခဲ့ပေမဲ့ ဒီရက်ပိုင်းမှာတော့ အနည်းငယ် ပြန်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေထံက သိရပါတယ်။
ပြည်တွင်းရွှေစျေးကွက်ဟာ ပြီးခဲ့တဲ့ မေလကုန်နဲ့ ဇွန်လအတွင်းက စစ်ကောင်စီက ရွှေလုပ်ငန်းရှင်တွေကို ခေါ်ယူထိန်းသိမ်းခဲ့တာကြောင့် ငြိမ်သက်ခဲ့တာဖြစ်ပါတယ်။
အခု ဇူလိုင်လအလယ်ကျော်လာချိန်မှာတော့ အနည်းငယ်ပြန်တက်လာပြီး ဇူလိုင် ၂၃ ရက်မှာတော့ အခေါက်ရွှေ တကျပ်သားကို ကျပ် ၇၉ သိန်းကျော်အထိ ဖြစ်လာပါတယ်။
၁၅ ပဲရည် တကျပ်သားကိုတော့ ကျပ် ၇၄ သိန်း ၆ သောင်းနဲ့ ပြင်ပစျေးကွက်အတွင်း ရောင်းချနေကြတာ ဖြစ်ပါတယ်။
ရန်ကုန်က ရွှေဆိုင်ပိုင်ရှင်တယောက်က “ဒါတွေက ဆိုင်တွေက ရောင်းတဲ့ဈေးပေ့ါ။ ပြန်ရောင်းတဲ့သူတွေကျ အဲဒီဈေးမရပါဘူး။ ပြီးတော့ အလျော့တွက် လက်ခကလည်း အခုဆို လေး၊ ငါးသိန်းလောက် ရှိတယ်။ အခုလတ်တလောဈေးက နည်းနည်းပြန်တက်လာတယ်ဆိုပေမဲ့ ရောင်းချင်တဲ့သူရော၊ ဝယ်တဲ့သူရော ရှိပါတယ်” လို့ ပြောပါတယ်။
ဇူလိုင် ၂၃ ရက်အတွက် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YEGA) ရဲ့ ရွှေဈေးကွက် အဖွင့်နှုန်းကတော့ အကယ်ဒမီ မီးလင်းရွှေ တကျပ်သားကို ကျပ် ၅၈ သိန်း ၉ သောင်း သတ်မှတ်ထားပေမဲ့ ဒီဈေးနှုန်းနဲ့ အရောင်းအဝယ်ပြုလုပ်တာ မရှိပါဘူး။
ရွှေဆိုင်တွေအနေနဲ့ ရွှေတွေကို ပြန်လည်ဝယ်ယူရာမှာတော့ ရောင်းချတဲ့ဈေးနဲ့ ၂ သိန်းဝန်းကျင်လောက် ခွာပြီး ပြန်လည်ဝယ်ယူတယ်လို့လည်း သိရပါတယ်။