
ကမ္ဘာ့ရွှေဈေး ဆက်လက်မြင့်တက်လာတာကြောင့် မြန်မာပြည်တွင်း ရွှေဈေးလည်း ထပ်မံမြင့်တက်ခဲ့ပြီး အခေါက်ရွှေ တကျပ်သားကို ကျပ် ၇,၇၆၀,၀၀၀ ဝန်းကျင်ကို ပြန်လည်မြင့်တက်ရောက်ရှိလာပါတယ်။
ဒီနေ့စက်တင်ဘာ ၁ ရက်နေ့မှာတော တကျပ်သားကို ကျပ် ၇၇ သိန်း ၆ သောင်းဝန်းကျင် ရှိနေပြီး ဩဂုတ် ၂၉ ရက် ဈေးကွက်ပိတ်ချိန် ဈေးနှုန်းနဲ့ ယှဉ်ရင် ကျပ် ၁ သိန်းနီးပါး မြင့်တက်ခဲ့တာပါ။
စစ်ကောင်စီဩဇာခံ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ ဓာတ်သတ္တု ရွှေညွှန်းဈေးကတော့ ကျပ် ၂ သောင်း မြင့်လာပြီး တကျပ်သားကို ၅,၉၂၀,၀၀၀ ကျပ် ဖြစ်လာခဲ့ပါတယ်။
ရွှေဈေးဟာ သြဂုတ် ၂၂ ရက်မှာ ကျပ် ၇၄ သိန်းအောက်ထိ ကျခဲ့ပေမဲ လက်ရှိမှာ ကမ္ဘာ့ရွှေဈေး တောက်လျှောက်တက်လာမှုနဲ့အတူ ပြန်မြင့်တက်နေတာ ဖြစ်ပါတယ်။
ကမ္ဘာ့ရွှေဈေးအနေနဲ့ မကြာသေးမီက တအောင်စကို ၃,၄၈၉ ဒေါ်လာထိ အမြင့်ဆုံး ရောက်ခဲ့ပြီး၊ အရင်သီတင်းပတ်ထက် တအောင်စကို အမေရိကန်ဒေါ်လာ ၁၁၀ ကျော် မြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီကနေ့ ညနေပိုင်းမှာတော့ တအောင်စကို အမေရိကန်ဒေါ်လာ ၃,၄၇၀ ဝန်းကျင်ကို ပြန်လည် ဈေးနိမ့်လာတာ တွေ့ရပါတယ်။