Home
နိုင်ငံတကာ
တရုတ် GDP ဒုတိယသုံးလပတ်အတွင်း ၅ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်
DVB
·
July 15, 2025
Photo :Reuters

အမေရိကန်ပြည်ထောင်စုနဲ့ ကုန်သွယ်ရေးစစ် ဖြစ်ပွားနေချိန်မှာပဲ တရုတ်နိုင်ငံရဲ့ စီပွားရေးဟာ မျှော်မှန်းထားတာထက် တိုးတက်လာတယ်လို့ အမျိုးသားစာရင်းအင်းဗျူရို (NBS) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇူလိုင် ၁၅ ရက် သတင်းစာရှင်းလင်းပွဲမှာ တရုတ်ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ဟာ ဒုတိယသုံးလပတ်အတွင်း ၅ ဒသမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တယ်လို့ NBS အနေနဲ့ အတည်ပြုပါတယ်။

ဒါဟာ စီးပွားရေးပညာရှင်တွေ ခန့်မှန်းထားတဲ့ ပျမ်းမျှတိုးတက်မှုနှုန်း ၅ ဒသမ ၁ ရာခိုင်နှုန်းထက် ပိုမိုမြင့်မားခဲ့သလို ပြီးခဲ့တဲ့နှစ်ဝက် ကာလတူနဲ့ နှိုင်းယှဉ်ကြည့်ရင်လည်း ၅ ဒသမ ၃ ရာခိုင်နှုန်းလောက် တက်လာခဲ့တာပါ။

ဒါပေမဲ့လည်း ၂၀၂၅ ပထမသုံးလပတ်အတွင်း တရုတ်ပြည်ရဲ့ GDP တိုးတက်မှုနှုန်းဟာ ၅ ဒသမ ၄ ရာခိုင်နှုန်းအထိ ရှိခဲ့တဲ့အလျောက် ဒုတိယသုံးလပတ်မှာ အနည်းငယ်လျော့ကျသွားတာ ဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံအတွက် အရေးပါတဲ့ လက်လီရောင်းအားဟာ မေလထဲမှာ နှစ်အလိုက် တိုးတက်မှုနှုန်း ၆ ဒသမ ၄ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ၄ ဒသမ ၈ ရာခိုင်နှုန်းကို ကျဆင်းပြီး နှေးကွေးခဲ့တဲ့အကြောင်း ဖော်ပြထားပါတယ်။

အဲဒီနောက် ပထမနှစ်ဝက်မှာ တရုတ်ပြည်တွင်းစားသုံးမှုက GDP ရဲ့ ၅၂ ရာခိုင်နှုန်းကို ပံ့ပိုးပေးနိုင်ခဲ့ပြီး ကုန်သွယ်ရေးအရ ပါဝင်မှုတော့ ကျဆင်းသွားပါတယ်။

၂ နှစ်အတွင်း အမြင့်ဆုံးဖြစ်ခဲ့တဲ့ တရုတ်မြို့ပြ အလုပ်လက်မဲ့နှုန်းဟာ ဖေဖော်ဝါရီလမှာ ၅ ဒသမ ၄ ရာခိုင်နှုန်းအထိ ရှိခဲ့သလို ဇွန်လထဲမှာလည်း ၅ ရာခိုင်နှုန်းလောက် ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

စီးပွားရေးပညာရှင်တယေက်ဖြစ်တဲ့ Tianchen Xu ကတော့ လာမယ့် ဒုတိယနှစ်ဝက်မှာ စီးပွားရေး တိုးတက်နှုန်း နှေးကွေးလာနိုင်ပေမဲ့ အစိုးရရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ၅ ရာခိုင်နှုန်းကိုတော့ ရောက်နိုင်တယ်ဆိုပြီး  ကောက်ချက်ချပါတယ်။

ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး ၂ နိုင်ငံကြားက ကုန်သွယ်ရေးစစ်ပွဲအတွင်း တရုတ်ကုန်စည်တွေကို ၁၄၅ ရာခိုင်နှုန်း အခွန်တိုးကောက်ဖို့ ဝါရှင်တန်အနေနဲ့ ခြိမ်းခြောက်ထားသလို အမေရိကန်ကုန်စည်တချို့ အပေါ်မှာလည်း သွင်းကုန်ခွန် ၁၂၅ ရာခိုင်နှုန်းနဲ့ တုံ့ပြန်မယ့်အကြောင်း ပေကျင်းအနေနဲ့ သတိပေးထားပါတယ်။

နောက်ဆက်တွဲအဖြစ် ဂျီနီဗာနဲ့ လန်ဒန်မြို့တွေမှာ နှစ်နိုင်ငံတာဝန်ရှိသူတွေကြား တွေ့ဆုံညှိနှိုင်းခဲ့ကြပြီး အပြန်အလှန် အခွန်စည်းကြပ်မှုတွေ ယာယီရပ်နားထားပါတယ်။

ဒါကြောင့် သြဂုတ် ၁၂ ရက် မတိုင်ခင်အထိ နှစ်ဖက်စလုံးဟာ ရေရှည်ကုန်သွယ်ရေး သဘောတူညီချက်တခုရအောင် ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013