Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် စက်သုံးဆီဈေးနှုန်း ထပ်မံမြင့်တက်၊ လူမှုဘဝများ ပိုမိုကျပ်တည်းလာ
DVB
·
June 27, 2025

စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ပြည်တွင်းလောင်စာဆီဈေးနှုန်း တည်ငြိမ်စေဖို့ အခုလအတွင်း အမေရိကန်ဒေါ်လာ ၁၂၅ သန်းအထိ နိုင်ငံခြားငွေတွေ ထုတ်ရောင်းနေတဲ့ကြားက ပြည်တွင်း စက်သုံးဆီဈေးနှုန်းတွေက အခုသီတင်းပတ်အတွင်း တလီတာကို ၁၈၀ ကျပ်ကနေ ၂၈၅ ကျပ်အထိ ထပ်မံမြင့်တက်လာခဲ့ပါတယ်။

သီးတင်းပတ်သုံးပတ်အတွင်းမှာ စက်သုံးဆီ တလီတာကို အနည်းဆုံး ၂၉၅ ကျပ်ကနေ အများဆုံး ကျပ် ၄၃၅ ကျပ် အထိ မြင့်တက်လာတာ တွေ့ရပါတယ်။

စစ်ကောင်စီအနေနဲ့ စင်ကာပူ MOPS ဈေးနှုန်း၊ ပြည်တွင်း ဒေါ်လာငွေလဲနှုန်းတို့အပေါ်မူတည်ပြီး စက်သုံးဆီ ရည်ညွှန်းလက်လီဈေးတွေကို အပတ်စဉ် ထုတ်ပြန်ပေးနေတာပါ။

လက်ရှိမှာ ကမ္ဘာ့ရေနံစိမ်းဈေးက တစည်ကို ၆၈ ဒေါ်လာဝန်းကျင်အထိ ပြန်မြင့်တက်နေသလို တဖက်မှာလည်း မြန်မာကျပ်နဲ့ ဒေါ်လာအကြား လဲလှယ်နှုန်းက ဒီနေ့ဇွန် ၂၇ ရက်နေ့မှာ တဒေါ်လာကို ၄,၆၁၀ ကျပ်အထိ မြင့်တက်နေပါတယ်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ လက်ရှိ ရန်ကုန်အထိုင် စက်သုံးဆီ လက်လီဈေးနှုန်းတွေက ၉၂ ဓာတ်ဆီ တလီတာကို ၃,၁၄၀ ကျပ်၊ ၉၅ ဓာတ်ဆီက ၃,၂၁၀ ကျပ်၊ ဒီဇယ် တလီတာကို ၂,၇၃၀ ကျပ်နဲ့ ပရီမီယံဒီဇယ်က ၃,၃၈၅ ကျပ် ဖြစ်ပါတယ်။

စက်သုံးဆီဈေးနှုန်း မြင့်တက်မှုက အခြေခံစားကုန်နဲ့ ဝန်ဆောင်မှုဈေးနှုန်းတွေကိုပါ လိုက်ပါမြင့်တက်စေပြီး လူထုရဲ့ နေ့စဉ်ဘဝစားဝတ်နေရေးကို ပိုမိုကျပ်တည်းလာစေတယ်လို့ စီးပွားရေး စောင့်ကြည့် လေ့လာသူတွေက ထောက်ပြကြပါတယ်။

အငှားယာဉ်မောင်း ကိုမျိုးမင်းက “ဆီဈေးတက်လို့ ကားခတိုးတောင်းရတော့ ခရီးသည်တွေကလည်း နားမလည်ကြဘူး။ ကျနော်တို့လည်း ဝင်ငွေနဲ့ထွက်ငွေ မမျှတော့ဘူး၊ စားဖို့သောက်ဖို့ပါ ဈေးတွေ လိုက်တက်တော့ ပိုဆိုးတာပေါ့” လို့ ပြောပါတယ်။

ဒါ့အပြင် သယ်ယူပို့ဆောင်ရေးနဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်တွေ ပိုမြင့်တက်လာနိုင်တာကြောင့် ကုန်ထုတ်လုပ်ငန်းငယ်တွေနဲ့ ပို့ဆောင်ရေးလုပ်ငန်းတွေအပေါ် ဖိအားဖြစ်စေပြီး လုပ်ငန်းတွေ ပုံမှန်မလည်ပတ်နိုင်တာ၊ ရပ်တန့်ထားရတာမျိုးတွေ ရှိလာနိုင်တယ်လို့ စီးပွားရေးစောင့်ကြည့် သူတွေက ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဘက်ဘက်က မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေနဲ့ အလုပ်အကိုင် ရှာပါးတာ၊ ဝင်ငွေလျော့နည်းကျဆင်းလာတာတွေကြောင့် အခြေခံ ပြည်သူတွေဟာ နေ့စဉ်ရှင်သန် နေထိုင်နိုင်ဖို့ အပြင်းအထန် ရုန်းကန်လှုပ်ရှားနေရတာပါ။

အခုလို ဗဟိုဘဏ်က နိုင်ငံခြားငွေတွေ ဆက်တိုက်ထုတ်ရောင်းပြီး ဈေးထိန်းနေတဲ့ကြားက စက်သုံးဆီဈေးနှုန်းတွေ ဆက်လက်မြင့်တက်လာတာကြောင့်  ပြည်သူတွေ အခက်အခဲ ကြုံနေကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013