Home
မြန်မာသတင်း
ဒေါ်လာဈေးနှင့် ရွှေဈေး ပြန်ကျ
DVB
·
August 22, 2025

အမေရိကန်ဒေါ်လာစျေးဟာ ဩဂုတ် ၂၂ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ တဒေါ်လာကို မြန်မာကျပ်ငွေ ၄,၃၂၀ ဝန်းကျင်ထိ ဈေးထပ်မံ လျော့ကျလာပြီး အခေါက်ရွှေဈေးနှုန်းလည်း တကျပ်သားကို ၇,၃၇၀,၀၀၀ အထိ ဆက်လက်ကျဆင်းနေပါတယ်။

ဩဂုတ် ၂၁ ရက်အထိ ဒေါ်လာဈေးဟာ ၄,၃၇၀ ဝန်းကျင်နဲ့ အခေါက်ရွှေဈေးက ၇,၄၄၀,၀၀၀ ဝန်းကျင် ရှိခဲ့ပေမဲ့ ဒီကနေ့မှာ ဈေးထပ်မံလျော့ကျလာတာပါ။

ရွှေဈေးစောင့်ကြည့်သူတယောက်က “ဒေါ်လာဈေးက ၄,၃၀၀ နားထိ ထိုးကျနေပြီ။ ရွှေဈေးကလည်း ဆက်တိုက်ထိုးဆင်းနေ‌တော့ ဈေးကွက်ထဲ အရောင်းအဝယ်တွေ မငြိမ်ဘူး” လို့ ပြောပါတယ်။

လေးရက်အတွင်းမှာပဲ ဒေါ်လာဈေးက ၄,၄၂၅ ကျပ်ကနေ ၄,၃၂၀ ဝန်းကျင်အထိ လျော့ကျခဲ့ပြီး ရွှေဈေးလည်း ၇၇ သိန်းကျော်ကနေ ၇၄ သိန်းအောက်အထိ ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ရွှေဈေးကတော့ ဒီကနေ့ မနက်ပိုင်းမှာ တအောင်စကို ဒေါ်လာ ၃,၃၂၆ အထိ အကျရှိခဲ့ပြီး ဒီနေ့လယ်ပိုင်းမှာတော့ တအောင်စ ဒေါ်လာ ၃,၃၃၀ အထက်အထိ ပြန်လည်မြင့်တက်လာတာ တွေ့ရပါတယ်။

ဈေးကွက်သုံးသပ်သူ တချို့ကတော့ ကမ္ဘာ့ရွှေဈေးနဲ့ ဒေါ်လာဈေး လျော့ကျမှုက ပြည်တွင်းရွှေဈေး ကျရတဲ့ အဓိကအကြောင်းအရင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မကြာခင်မှာ ပွင့်လင်းရာသီ ရောက်ရှိတော့မှာဖြစ်သလို ပြည်ပသွင်းကုန်တွေကို စစ်ကောင်စီရဲ့ ထိန်းချုပ်မှုကြောင့်လည်း ပြည်တွင်းငွေလဲနှုန်းနဲ့ ရွှေဈေးအပေါ် သက်ရောက်မှု ရှိလာတာလို့ ထောက်ပြသုံးသပ်မှုတွေလည်း ရှိနေပါတယ်။

အခုလို ရွှေနဲ့ ဒေါ်လာစျေးနှုန်းတွေ အကျဘက်ကို ဦးတည်လာနေပေမဲ့လည်း သူတို့နဲ့အတူ တက်ခဲ့တဲ့ ကုန်စျေးနှုန်းတွေကတော့ ဒီကနေ့အထိ ပြန်မကျသေးတဲ့အပြင် တချို့ကုန်ပစ္စည်းတွေကတော့ ဈေးထပ်မံ မြင့်တက်လာတယ်လို့ စားသုံးသူတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013