
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာစက်မှုဇုန်အတွင်း မတ် ၁၄ ရက် ည ၈ နာရီခွဲလောက်က စတင်ခဲ့တဲ့ Speed အချိုရည်ဂိုဒေါင်ရုံ မီးလောင်မှုမှာ level-2 အဆင့်သတ်မှတ်ပြီး အချိန် ၄ နာရီလောက်ကြာအောင် မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်ဌာနနဲ့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။
ဇေကမ္ဘာစက်မှုဇုန် ၁၀ လမ်းမှာရှိတဲ့ Speed အချိုရည်ဂိုဒေါင်ရုံ မီးလောင်ခဲ့တာဖြစ်ပြီး မီးအားပြင်းတဲ့အတွက် မြို့နယ်အသီးသီးက မီးသတ်ကားတွေ၊ လူမှုကူညီရေး အရန်မီးသတ်ကားတွေနဲ့ အားစိုက်ငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
မီးငြှိမ်းသတ်ရာမှာ ပါဝင်ခဲ့တဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တယောက်က “မီးအားက တအားပြင်းတော့ အချိန်အတော်ကြာမှ မီးညွန့်ကျိုးတယ်။ တပ်ဖွဲ့ဝင်တချို့ အနည်းကျဥ်း ထိခိုက်တာမျိုးတော့ ရှိတယ်”လို့ ပြောပါတယ်။
မီးလောင်မှုကြောင့် အဆောက်အအုံ ရာနှုန်းပြည့်နီးပါး ထိခိုက်ဆုံးရှုံးခဲ့သလို ညလုံးပေါက် အပြီးသတ် မီးငြှိမ်းသတ်ခဲ့ရတယ်လို့ ကိုယ်တိုင်ပါဝင်ခဲ့သူတွေက ဆိုပါတယ်။
မနေ့ ည ၈ နာရီကျော်လောက်စတင်တဲ့ မီးလောင်မှုနဲ့ပတ်သက်လို့ ည ၁၀ နာရီ ၁၈ မိနစ်မှာ သတင်းရရှိပြီး level-2 အဆင့် သတ်မှတ်ခဲ့ကာ မတ် ၁၅ မနက် ၁၂ နာရီခွဲမှာ မီးငြိမ်းခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
မီးလောင်တဲ့ မီးတောက်ကို မင်္ဂလာဒုံမြို့နယ်နဲ့ ဆက်စပ်မြို့နယ်မှာနေထိုင်သူတွေကပါ မြင်တွေ့ရ သလို မီးငြှိမ်းသတ်ဖို့ သွားရောက်တဲ့ မီးသတ်ကားသံတွေ အဆက်မပြတ်ကြားရတယ်လို့ ရန်ကုန်မြို့ခံတွေက မီးသတ်ဌာနရဲ့ ဖေ့စ်ဘွတ်ခ်မှာ မှတ်ချက်ပြုထားပါတယ်။


