
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ မတ် ၁၀ ရက်က မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ မီးသတ် ဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မနေ့ နေ့လယ် ၁ နာရီကျော်လောက်က မိတ္ထီမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်၊ အောင်ချမ်းသာ ၂ လမ်းမှာရှိတဲ့ နေအိမ်တလုံးကနေ မီးစတင်လောင်ကျွမ်းခဲ့ပြီး အနီးရှိတခြားအိမ်တွေပါ ထပ်ဆင့်မီးကူးစက်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။
တိုင်းအဆင့်မီးသတ်ဦးစီးဌာနနဲ့ နီးစပ်သူတယောက်က “နေအိမ်တလုံးက မီးပလပ်ခုံရှော့ခ်ဖြစ်ပြီး မီးလောင်မှု စဖြစ်တာ။ မီးလောင်မှုအားကောင်းပြီ တခြားအိမ်တွေကို မီးကူးပြီး လောင်သွားတာ”လို့ ပြောပါတယ်။
မီးလောင်မှုဖြစ်စဉ်ကြောင့် လူတွေခိုက်တာမရှိပေမဲ့ သွပ်မိုး၊ ပျဉ်းခင်း နေအိမ်တွေ အပါအဝင် နေအိမ် ၆ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးသွားတဲ့ တန်ဖိုးကိုတော့ မီးသတ်ဦးစီးဌာန တာဝန်ရှိသူတွေက တွက်ချက်နေဆဲ ဖြစ်ပါတယ်။
မီးလောင်မှုကို မိတ္ထီလာခရိုင်နဲ့ မြို့နယ်က မီးသတ်တပ်ဖွဲ့ဝင်တွေက မီးသတ်ယာဉ် ၆ စီး အသုံးပြုကာ ဒေသခံတွေနဲ့ ပူးပေါင်းမီးငြှိမ်းသတ်ခဲ့ပြီး နေ့လယ် ၁ နာရီခွဲလောက်မှာ မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၉ ရက်ကလည်း မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်မှာ မီးလောင်မှုကြောင့် နေအိမ် ၆ လုံးမီးလောင်ဆုံးရှုံးခဲ့ပါတယ်။


