
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ တွီးကင်းဝကျေးရွာမှာ ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ်က မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၁၀ လုံးခန့် ပျက်စီးဆုံးရှုံးသွားတယ်လို့ ပလက်ဝ ဒေသခံတွေက ပြောပါတယ်။
တွီးကင်းဝကျေးရွာက ၇၉ နှစ် အရွယ်အမျိုးသားတယောက် ရေနွေးအိုးတည်ရာကနေ အိမ်ရဲ့ ဝါးထရံကို မီးကူးစက်ကာ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အနီးအနားရှိ အိမ် ၉ ဆောင်ကိုပါ ကူးစက်လောင်ကျွမ်းသွားခဲ့တာလို့ ပလက်ဝမြို့နယ် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“သက်ကြီးပိုင်း အမျိုးသားတဦး ရေနွေးအိုးတည်ရာကနေ မီးလောင်ကျွမ်းမှု ဖြစ်သွားတာလို့ သိရတယ်။ မီးလောင်မှုဖြစ်တာက နေ့လယ်ပိုင်းဖြစ်တာတကြောင်း၊ နောက် လေပြင်းတွေတိုက်တော့ မီးကူးစက်မှုက တော်တော်လေးကို မြန်သွားတာ။ စုစုပေါင်း အိမ် ၁၀ ဆောင် ပျက်စီးဆုံးရှုံးခဲ့တယ်။ မီးက နေ့လယ် ၃ နာရီမှာလောင်တာ၊ ညနေ ၅ နာရီလောက်မှာ အပြီးသတ် ငြှိမ်းသတ်နိုင်ခဲ့တယ်။ ပျက်စီးဆုံးရှုံးမှုတွေကို သေချာစိစစ်နေပြီး လိုအပ်တဲ့ ဥပဒေကြောင်းအရ လုပ်သင့်တာတွေကိုတော့ ပြုလုပ်နေကြတယ်။”
မီးလောင်မှုကို နယ်မြေရဲတပ်ဖွဲ့ဝင်တွေနဲ့ ကျေးရွာသားတွေက ငြှိမ်းသတ်ခဲ့ကြပြီး လက်ရှိမှာ မီးလောင်ပျက်စီးသွားတဲ့ မိသားစုတွေကို ဒေသအာဏာပိုင်တွေနဲ့ ကျေးရွာသားတွေက စားဝတ်နေရေးအတွက် ထောက်ပံ့ထားတယ်လို့ သိရပါတယ်။
အဲဒီမီးလောင်မှုမှာ လူနေအိမ် ၁၀ လုံး၊ စပါးတောင်း ၃၀၀၊ ဆန်အိတ် ၄၃ အိတ်၊ ဆိုင်ကယ်တစီးနဲ့ အိမ်ထောင်ပရိဘောဂတွေ ဆုံးရှုံးသွားတယ်လို့ ကနဦး စာရင်းတွေအရ သိရပါတယ်။
ပလက်ဝမြို့နယ်ဟာ တော တောင် ထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် မြို့ပေါ်က မီးသတ်တပ်ဖွဲ့ဝင်တွေ အလွယ်တကူသွားလာဖို့ ခက်ခဲမှုရှိကြတယ်လို့ ပလက်ဝဒေသခံတွေက ပြောပါတယ်။
အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၅ ခုမှာ မီးသတ်ဌာနတွေ ဖွဲ့စည်းထားပြီး နွေရာသီမှာ မီးအထူးသတိထားကြဖို့နဲ့ အိမ်တိုင်းမှာ မီးသတ်ပစ္စည်းကိရိယာတွေ တပ်ဆင်ထားကြဖို့ကိုလည်း တိုက်တွန်းထားတယ်လို့ မီးသတ်တပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။


