
စပိန်နိုင်ငံအရှေ့မြောက်ပိုင်း၊ ကတ်တလိုးနီးယားပြည်နယ်ရှိ တိုက်ခန်းတွဲတခုမှာ မီးလောင်မှုအတွင်း လူ ၅ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ မီးသတ်သမားတွေက ဖေဖော်ဝါရီ ၁၇ ရက်မှာ ပြောပါတယ်။
သေဆုံးသူအားလုံးဟာ လူငယ်တွေဖြစ်ကြပြီး တချို့မှာ အသက်မပြည့်သေးသူတွေ ဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက ယူဆထားကြောင်း မီးသတ်ဌာနက သတင်းရင်းမြစ်တွေကို ကိုးကားပြီး စပိန်သတင်းဌာန EFE က ပြောကြားပါတယ်။
ဘာစီလိုနာမြို့ မြောက်ဘက်ရှိ အိုဆိုနာ နယ်မြေ၊ လူဦးရေ ၂၁,၀၀၀ လောက်ရှိတဲ့ မန်ယောင်မြို့ရှိ ၅ ထပ်တိုက်တခုရဲ့ ပစ္စည်းသိုလှောင်ခန်းမှာ မီးစတင်လောင်ကျွမ်းခဲ့တာလို့ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အကြောင်းရင်းတွေကိုတော့ မသိရသေးဘဲ သေဆုံးသူတွေဟာ အဲဒီသိုလှောင်ခန်းအတွင်းက ထွက်မပြေးနိုင်ဘဲ ပိတ်မိခဲ့ခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့က ထပ်လောင်းပြောကြားခဲ့ပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းကို သိရှိနိုင်ဖို့ ကတ်တလန်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပါတယ်။
မီးလောင်မှုကြောင့် တချို့ရုပ်အလောင်းတွေ မီးလောင်ပျက်စီးနေတာကြောင့် သေဆုံးသူတွေရဲ့ အထောက်အထား အတည်ပြုတာကို အင်္ဂါနေ့ မနက်ပိုင်းအထိ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
Source: Reuters


