
ဒီနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားသွားတဲ့ စပိန်ကိုပါဒယ်ရေးပြိင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့မှာ ဘာစီလိုနာအသင်းက အက်သလက်တီကိုမက်ဒရစ် အိမ်ကွင်းမှာ သွားရောက်ယှဥ်ပြိုင်ကစားခဲ့ရာ ၄ ဂိုး ဂိုးမရှိ ရလဒ်နဲ့ ရှုံးနိမ့်သွားပါတယ်။
ဘာစီလိုနာအသင်း နောက်ခံလူ အဲ့ရစ် ဂါစီယာရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိတာနဲ့အတူ အက်သလက်တီကိုအသင်းက ဦးဆောင်ဂိုးရရှိခဲ့ပြီး ဂရစ်ဇ်မန်း၊ လွတ်ခ်မန်း၊ ဟူလီယန် အဲဗာရက်စ်တို့ရဲ့ ဂိုးတွေနဲ့ နောက်ဆုံးဗိုလ်လုပွဲတက်ဖို့ သေချာသလောက် ဖြစ်စေခဲ့ပါတယ်။
အိမ်ရှင် တီကိုရဲ့ အနိုင်ဂိုး ၄ ဂိုးစလုံးကို ပထမပိုင်းအတွင်းမှာ ရရှိခဲ့ပြီး ဒုတိယပိုင်းမှာ ဘာစီလိုနာအသင်း တဂိုးသွင်းနိုင်ခဲ့ပေမဲ့ VAR ဆုံးဖြတ်ချက်နဲ့ လူကျွံဘောအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။
ကိုယ့်ဂိုးကိုယ်သွင်းခဲ့တဲ့ ဘာစီလိုနာနောက်ခံလူ အဲရစ်ဂါစီယာ ပွဲချိန် ၈၅ မိနစ်မှာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံ့ခဲ့ရပါသေးတယ်။
ဒီပွဲအရှုံးကြောင့် ဘာစီလိုနာအသင်းရဲ့ ပြိုင်ပွဲစုံ ၆ ပွဲဆက် အနိုင် ရပ်တန့်ခဲ့ပြီး လက်ရှိချန်ပီယံအနေနဲ့ ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ အခွင့်အရေး နည်းတဲ့ အခြေအနေကို ရောက်ရှိသွားပါတယ်။
ဘာစီလိုနာအသင်းဟာ ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် မတ် ၄ ရက်၊ အိမ်ကွင်းနူးကမ့်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။


