
အသက် ၁၆ နှစ်အောက် ကလေးငယ်တွေရဲ့ ဆိုရှယ်မီဒီယာ အသုံးပြုမှုကို ကန့်သတ်ဖို့နဲ့ အမုန်းစကားတွေအတွက် ပလက်ဖောင်းအမှုဆောင်တွေကို တရားစွဲဆိုမဲ့ စပိန်ဝန်ကြီးချုပ် ပေဒရို ဆန်းချက်ဇ်ရဲ့ အစီအစဉ်အပေါ် တယ်လီဂရမ် တည်ထောင်သူ ပါဗဲလ် ဒူရော့ဗ် က ဖေဖော်ဝါရီ ၄ ရက်မှာ X လူမှုကွန်ယက်ပိုင်ရှင် အီလွန်မတ်စ်ခ်နဲ့အတူ လူသိရှင်ကြား ဝေဖန်လိုက်ပါတယ်။
ဒူရော့ဗ်က တယ်လီဂရမ် အသုံးပြုသူတွေဆီ ပေးပို့တဲ့ မက်ဆေ့ချ်ထဲမှာ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေကို ပိတ်ဆို့ဖို့ အဆိုပြုချက်ကြောင့် လူမှုမီဒီယာပလက်ဖောင်းတွေကို အသုံးပြုသူ အားလုံးရဲ့ ကိုယ်ရေးအချက်အလက်တွေကို စုဆောင်းဖို့ ဖိအားပေး လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။
အမုန်းစကားကိုထိန်းချုပ်မဲ့ အစီအမံတွေကြောင့် လူမှုကွန်ရက် ပလက်ဖောင်းတွေဟာ တရားစွဲဆိုခံရမှာကို ရှောင်ရှားဖို့ အကြောင်းအရာတွေကို အလွန်အကျွံ ဖယ်ရှားဖြတ်တောက်ပစ်ရမဲ့ အခြေအနေကို ဆိုက်ရောက်သွားနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
အန္တရာယ်ရှိတယ်လို့ ယူဆတဲ့ အကြောင်းအရာတွေကို ပိုပျံ့နှံ့စေတဲ့ အယ်လဂိုရီသမ်တွေကိုသုံးရင် ရာဇဝတ်မှုအဖြစ် သတ်မှတ်မယ်ဆိုတဲ့ ဆန်းချက်ဇ်ရဲ့ အဆိုပြုချက်က အစိုးရတွေဟာ အသုံးပြုသူတွေ မြင်တွေ့ကြည့်ရှုတာတွေကို ထိန်းချုပ်နိုင်စေမှာ ဖြစ်တယ်လို့ ဒူဘိုင်းအခြေစိုက် ဒူရော့ဗ်က တယ်လီဂရမ် လုံခြုံရေးနဲ့ အကောင့်ပြဿနာတွေအကြောင်း အကြံပေးတဲ့ သူ့ရဲ့ချန်နယ်ကနေ ပြောဆိုတာဖြစ်ပါတယ်။
စပိန်အစိုးရကတော့ အဲဒီဝေဖန်မှုကို ပယ်ချခဲ့ပြီး ဒူရော့ဗ်ရဲ့ စပိန်အသုံးပြုသူတွေဆီ ပေးပို့တဲ့ သတင်းစကားဟာ မကြုံစဖူးဖြစ်ပြီး နိုင်ငံသားတွေကို ဝါဒဖြန့်ချိရေးကနေ ကာကွယ်ဖို့ ပလက်ဖောင်းတွေကို စည်းမျဉ်းသတ်မှတ် ထိန်းညှိဖို့ လိုအပ်ကြောင်း တုံ့ပြန်ပြောဆိုပါတယ်။
ဖေဖော်ဝါရီ ၃ ရက်က ဒူဘိုင်းမှာ ဆန်းချက်ဇ်က ဒီအဆိုပြုချက်တွေဟာ ပိုမိုတင်းကျပ်တဲ့ လူမှုမီဒီယာစည်းမျဉ်းတွေကို လုပ်ဆောင်နေတဲ့ ဥရောပနိုင်ငံအုပ်စုနဲ့ ကိုက်ညီတယ်လို့ ပြောကြားခဲ့ပါတယ်။
အီလွန်မတ်စ်ခ်ကလည်း အဲဒီအစီအစဉ်တွေကို ပြစ်တင်ရှုတ်ချခဲ့ပြီး ဆန်းချက်ဇ်ကို “စပိန်ပြည်သူတွေအပေါ် အာဏာရှင်တဦး၊ သစ္စာဖောက်တဦး” လို့ ခေါ်ဆိုခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး Google၊ TikTok၊ Snapchat နဲ့ Meta ကုမ္ပဏီတွေမှ တာဝန်ရှိသူတွေကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။
Source: Reuters


