Home
နိုင်ငံတကာ
စပိန်တွင် မြန်နှုန်းမြင့်ရထားတိုက်မှု၌ သေဆုံးသူများအတွက် ယူရို သန်း ၂၀ လျော်ကြေးပေးမည်
DVB
·
January 28, 2026
Photo: REUTERS/Susana Vera

စပိန်နိုင်ငံတောင်ပိုင်းမှာ ပြီးခဲ့တဲ့အပတ်က ဖြစ်ပွားခဲ့တဲ့ မြန်နှုန်းမြင့်ရထား မတော်တဆမှုကြောင့် သေဆုံးခဲ့ရသူ ၄၅ ယောက်ရဲ့ မိသားစုဝင်တွေအတွက် စုစုပေါင်း ယူရိုသန်း ၂၀ (အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၈ သန်း) ကို လျော်ကြေးပေးသွားမယ်လို့ ပို့ဆောင်ရေးဝန်ကြီး အော်စကာ ပူအန်းတေးက ဇန်နဝါရီ ၂၇ ရက်မှာ ပြောပါတယ်။

ဇန်နဝါရီ ၁၈ ရက်က ကော်ဒိုဘာပြည်နယ်၊ အဒမ်မူဇ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ရထားတိုက်မှုကြောင့် လက်ရှိ ဥရောပသမိုင်းမှာ လူသေဆုံးမှုအများဆုံး အမှုတခုဖြစ်ပြီး စပိန်နိုင်ငံအတွင်း ၂၀၁၃ ခုနှစ် နောက်ပိုင်း အဆိုးရွားဆုံးဖြစ်ရပ်လည်း ဖြစ်ပါတယ်။ ဒီဖြစ်ရပ်မှာ လူပေါင်း ၁၅၀ ကျော် ဒဏ်ရာ ရရှိခဲ့တာပါ။

အစိုးရရဲ့ ကြေညာချက်အရ သေဆုံးသူ မိသားစုတစုဟာ ၃ လအတွင်း ယူရို ၂၁၆,၀၀၀ ရရှိမှာဖြစ်ပြီး အခွန်ကင်းလွတ်တဲ့ အစိုးရထောက်ပံ့ကြေး ယူရို ၇၂,၀၀၀ နဲ့ အာမခံကုမ္ပဏီမှ ကြိုတင်ပေးချေငွေ ယူရို ၇၂,၀၀၀ အပြင် ခရီးသွားအာမခံက ခရီးသည်တွေအတွက် မဖြစ်မနေ ပေးချေရမဲ့ ယူရို ၇၂,၀၀၀ တို့ ပါဝင်ပါတယ်။

အာဒါမုဇ် ရထားတိုက်မှုအပြင် အဲဒီအပတ်အတွင်းမှာပဲ ကာတာလိုနီးယားဒေသမှာ ရထားမောင်းသူတယောက် သေဆုံးမှုနဲ့ လူသေဆုံးမှုမရှိတဲ့ တခြားမတော်တဆမှု ၂ ခုတို့ ထပ်မံဖြစ်ပွားခဲ့တာကြောင့် ပို့ဆောင်ရေးဝန်ကြီး ပူအန်းတေးဟာ ပြည်သူတွေရဲ့ ဖိအားပေးမှုတွေကို ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့အပတ်က ကာတာလိုနီးယားရှိ ရိုဒါလီစ် ရထားလိုင်းမှာလည်း ရထားမောင်းသူ အများအပြားက လုံခြုံရေးစိုးရိမ်ချက်ကြောင့် အလုပ်ဆင်းဖို့ ငြင်းဆန်ခဲ့တာကြောင့် ခရီးသည် ထောင်ပေါင်းများစွာ လမ်းခရီးမှာ ပိတ်မိခဲ့ပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၂၆ ရက်မှာလည်း ဆော့ဖ်ဝဲ ချို့ယွင်းမှုကြောင့် ရထားထိန်းချုပ်ရေးဗဟိုဌာန တခုလုံး ရပ်တန့်သွားခဲ့ပါသေးတယ်။

သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာတော့ ဝန်ကြီး ပူအန်းတေးဟာ “ကျနော်က ကိုယ့်ရဲ့တာဝန်ကို အကောင်းဆုံး ထမ်းဆောင်နေသလို ပြည်သူတွေကိုလည်း သတင်းအချက် အလက်တွေ ပွင့်လင်းမြင်သာစွာ အသိပေးဖို့ ကြိုးစားနေတာကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိပါတယ်” လို့ သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013