
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်မှာ ဖေဖော်ဝါရီ ၂၂ ရက်မနက်ပိုင်းက တိုက်ခန်း မီးလောင်မှုဖြစ်ပြီး အမျိုးသားတယောက် သေဆုံးတယ်လို့ အခင်းဖြစ်ဝန်းကျင်မှာ နေထိုင်သူတွေဆီက သိရပါတယ်။
ငမိုးရိပ်ရပ်ကွက်၊ ၁၀ လမ်း၊ အပိုင်း ၂ က တိုက်ခန်းတခုမှာ မနက် ၅ နာရီဝန်းကျင်လောက်က မီးလောင်ခဲ့တာဖြစ်ပြီး မီးလောင်မှုဖြစ်တဲ့ အခန်းမှာ နေထိုင်တဲ့ အသက် ၄၅ နှစ်အရွယ်အမျိုးသား တဦး သေဆုံးမှု ရှိခဲ့တာလို့ ဆိုပါတယ်။
အဲဒီရပ်ကွက်မှာ နေထိုင်သူတယောက်က "မီးလောင်လောင်ချင်း အခန်းကသူတွေ ခေါ်ထုတ်တာ၊ မီးအားပြင်းတော့ လက်လျှော့လိုက်ရတယ်" လို့ ပြောပါတယ်။
မီးလောင်မှုဖြစ်ချိန်မှာ အခန်းအတွင်း ဂတ်စ်အိုး၊ ဘက်ထရီအိုးပေါက်သံတွေ ကြားရလို့ ပတ်ဝန်းကျင်နေထိုင်သူတွေ အလန့်တကြားဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
မီးလောင်ပြီးမကြာခင် မီးသတ်ကားတွေ ရောက်လာခဲ့ပြီး ငြှိမ်းသတ်နိုင်ခဲ့ပေမဲ့ အခန်းအတွင်း ပိတ်မိသူကို သေဆုံးလျက် အနေအထားနဲ့ပဲ သယ်ထုတ်နိုင်ခဲ့တယ်လို့ ပတ်ဝန်းကျင် နေထိုင်သူတွေ ဆီက သိရပါတယ်။


