နေပြည်တော်၊ ပျဉ်းမနားမြို့အရှေ့ဘက်၊ ကင်ပွန်းတန်းကျေးရွာမှာရှိတဲ့ အာဟာရသုခဈေးကြီးမှာ ဖေဖော်ဝါရီ ၂၅ ရက် ည ၈ နာရီခွဲဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဈေးဆိုင်ခန်း အများအပြား လောင်ကျွမ်းပျက်စီးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
မီးလောင်မှုဟာ အာဟာရသုခဈေး (ဂ) ဘက်ခြမ်းကနေ စတင်မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး ဈေးရုံ (ဂ) ဘက်မှာရှိတဲ့ ဆန်ဆိုင်၊ ဆီဆိုင်၊ ကုန်စုံဆိုင်၊ ဆေးဝါးပစ္စည်းဆိုင်တွေ အပါအဝင် ဈေးဆိုင်ခန်းပေါင်း ၂၀၀ ထက်မနည်း မီးလောင်ပျက်စီးသွားပါတယ်။
မီးငြှိမ်းသတ်ရာမှာ ပါဝင်သူတယောက်က “ဘယ်ကနေ စလောင်တယ်ဆိုတာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက စစ်ဆေးနေပါတယ်။ မီးလောင်မှု အားကောင်းသလို ဆိုင်ခန်းတွေက တဆက်တည်းဆိုတော့ ပျက်စီးတာများတယ်” လို့ ပြောပါတယ်။
အဲဒီမီးလောင်မှုကို Level 2 အဆင့် သတ်မှတ်ကာ ပျဉ်းမနား၊ လယ်ဝေး၊ ဇေယျာသီရိ၊ ဇမ္ဗူသီရိ၊ ပုဗ္ဗသီရိမြို့နယ်တွေက မီးသတ်ယာဉ်တွေ အပါအဝင် မီးငြှိမ်းသတ်ယာဉ် အစီး ၂၀ ခန့်သုံးပြီး ဒေသခံတွေ၊ ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပေါင်းစပ် မီးငြှိမ်းသတ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒေသခံ ဈေးသူတယောက်က “လူတွေ ထိခိုက်တာ မရှိဘူးလို့ သိရတယ်။ မီးလောင်ဆုံးရှုံးမှုကို ရဲတွေနဲ့ မီးသတ်က စစ်ဆေးနေတယ်။ ဈေးပိတ်ချိန်ဖြစ်တာကြောင့် ကံကောင်းတာလည်း ပါတယ်။ ဆီဆိုင်တွေပါ မီးလောင်တဲ့အထဲပါတော့ မီးလောင်အားက ကောင်းတာထက် ပိုကောင်းသွားတာလေ” လို့ ပြောပါတယ်။
အဲဒီမီးလောင်မှုကို မီးသတ်တပ်ဖွဲ့ ငြှိမ်းသတ်နေရာ ည ၉ နာရီ ၅ မိနစ်လောက်မှာ မီးထိန်းနိုင်ခဲ့ပြီး ည ၉ နာရီ ၃၃ မိနစ်လောက်မှာ လုံးဝ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီမီးလောင်မှုဟာ အာဟာရသုခဈေးထဲမှာရှိတဲ့ စတိုးဆိုင်တဆိုင်ကနေ စတင်လောင်တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေပေမဲ့ မီးသတ်ဦးစီးဌာနနဲ့ ရဲတပ်ဖွဲ့က စစ်ဆေးနေဆဲလို့ သိရပါတယ်။
ဖေဖော်ဝါရီ ၇ ရက်ကလည်း နေပြည်တော်၊ ပျဉ်းမနားမြို့၊ ဇီးဖြူပင်ကျေးရွာမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေအိမ် ၂ လုံး လောင်ကျွမ်းခဲ့ကာ အိမ်မွေးဝက် ၁၀ ကောင်ထက်မနည်း သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၃၁ ရက်၊ ညနေ ၆ နာရီကျော်လောက်ကလည်း နေပြည်တော်၊ ပျဉ်းမနားမြို့က ရန်နိုင်ရပ်ကွက်မှာ ဝါယာရှော့ဖြစ်ရာကတဆင့် နေအိမ် အလုံး ၆၀ ကျော်အထိ မီးကူးစက် လောင်ကျွမ်း ဆုံးရှုံးခဲ့သေးတယ်လို့ သိရပါတယ်။








