
အာဆင်နယ်အသင်းဟာ အဓိကကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ရေရှည်စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းဆွေးနွေးမှုတွေ စတင်နေပြီဖြစ်ပါတယ်။
ရိုက်စ်ရဲ့ လက်ရှိစာချုပ်ဟာ ၂ နှစ်ကျန်ရှိနေသေးသလို နောက်ထပ် ၁ နှစ်သက်တမ်းတိုးခွင့်ပါရှိပေမဲ့ ပရီးမီးယားလိဂ်ဇယားထိပ်ကအာဆင်နယ်ကတော့ သူ့ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ အခုလို အစောတလျင် လုပ်ဆောင်လာတာပါ။
အသက် ၂၇ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင် ရိုက်စ်ကို လက်ရှိရရှိနေတဲ့ တပတ်လုပ်ခ ပေါင် ၂၄၀,၀၀၀ ထက် ပိုမိုတိုးမြှင့်ပေးသွားမှာဖြစ်ပြီး ဒါဟာ အသင်းရဲ့ လုပ်ခအများဆုံးရ ကစားသမား တွေထဲက တယောက်ဖြစ်လာစေမှာပါ။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်း ဆာကာ၊ ဆာလီဘာနဲ့ ဂါဘရီယယ်လ်တို့လို အမာခံ ကစားသမားတွေကို စာချုပ်သစ်ချုပ်ဆိုခဲ့သလို ယခုအခါ ရိုက်စ်နဲ့ တင်ဘာတို့ကိုပါ သက်တမ်းတိုးဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
ရိုက်စ်ဟာ ၂၀၂၃ ခုနှစ်မှာ ပေါင် ၁၀၅ သန်းနဲ့ ရောက်ရှိလာပြီးနောက် အာဆင်နယ်အတွက် ပွဲပေါင်း ၁၀၂ ပွဲအထိ ကစားပေးထားကာ အသင်းရဲ့ အဓိကကျောရိုးအဖြစ် ခြေစွမ်းပြနေသူဖြစ်ပါတယ်။
Photo: Reuters


