
အမှတ်ပေးဇယားထိပ်က အာဆင်နယ်ကို နောက်ကနေအမီလိုက်နေတဲ့ မန်စီးတီးအသင်းဟာ ဒီနေ့မနက်ကစားခဲ့တဲ့ ပွဲစဉ်မှာ တန်းဆင်းဇုန်အန္တရာယ်ရှိနေတဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းကို အိမ်ကွင်းမှာ သရေကျခဲ့တာကြောင့် အမှတ်ကွာဟချက် ပိုများသွားခဲ့ပါတယ်။
မန်စီးတီးအတွက် ဆီမင်ညိုနဲ့ ရိုဒရီတိုက ဦးဆောင်ဂိုးတွေ သွင်းယူပေးခဲ့ပေမဲ့ ဖောရက်စ်အသင်းက ဂစ်ဘ်ဝှိက်နဲ့ အန်ဒါဆန်တိုရဲ့ သွင်းဂိုးတွေနဲ့ ၂ ကြိမ်တိုင်တိုင် ချေပနိုင်ခဲ့တာပါ။
ဒီပွဲမှာ မန်စီးတီးတို့ အမှတ်လျော့ခဲ့သလို တဖက်မှာလည်း အာဆင်နယ်က ဘရိုက်တန်ကို အနိုင်ရရှိ ခဲ့တာကြောင့် အာဆင်နယ်ဟာ မန်စီးတီးထက် တပွဲပိုကစားကာ ၇ မှတ်အသာနဲ့ ဇယားထိပ်မှာ ပြတ်ပြတ်သားသား ဦးဆောင်ခွင့် ရရှိသွားပါတယ်။
ဖောရက်စ်အသင်းအတွက်တော့ အန်ဒါဆန်ရဲ့ ၂၅ ကိုက်အကွာက အံ့အားသင့်ဖွယ် ကန်ချက်ကြောင့် ရရှိခဲ့တဲ့ ဒီ တမှတ်ဟာ သူတို့ကို တန်းဆင်းဇုန်အပြင်ဘက်မှာ ဆက်လက်ရပ်တည်နိုင်စေခဲ့တာပါ။
Photo:Reuters


