
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မတ် ၁၃ ရက်က စစ်တပ် ခေါင်းဆောင်ပိုင်းတွေနဲ့ တွေ့ဆုံပြီး သူနဲ့ သူ့ရှေ့က စစ်ခေါင်းဆောင်တွေရဲ့ လက်ဆင့်ကမ်းအမွေကို ထိန်းသိမ်းပြီး စစ်တပ်ဂုဏ်ကို ဆက်လက်မြှင့်တင်ဖို့ မှာကြားခဲ့တယ်လို့ စစ်တပ်အာဘော် သတင်းစာ တွေက ထုတ်ပြန်ပါတယ်။
နေပြည်တော် ဇေယျာသီရိဗိမာန်မှာကျင်းပတဲ့ အဲဒီတွေ့ဆုံပွဲကို တပ်မတော်ကာကွယ်ရေးဦး စီးချုပ်ရဲ့ ဩဝါဒခံယူပွဲလို့ ခေါင်းစဉ်တပ်ထားပေမဲ့ ဒါဟာ စစ်ခေါင်းဆောင်ရဲ့ တပ်နှုတ်ဆက်ပွဲ ပုံစံ လုပ်တာဖြစ်တယ်လို့ မြန်မာစစ်ဘက်ရေးရာ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) က CDM ဗိုလ်မှူး နောင်ရိုးက သုံးသပ်ပါတယ်။
“တပ်မတော်မှာ တွေ့ဆုံပွဲ ဒါဘာတွေ လုပ်တာရှိပေမဲ့ အခုလို တပ်ဖွဲ့အစုံပါဝင်တဲ့ ဩဝါဒခံယူပွဲတော့ လုပ်ခဲ့တာမရှိဘူး။ လက်ရှိ ဩဝါဒခံယူပွဲ လုပ်သွားတဲ့ပုံစံက တပ်နှုတ်ဆက်ပွဲ လုပ်တဲ့ သဘောမျိုး ပါပဲ။ ဒီပွဲကို ကြည့်ပြီးသုံးသပ်ရရင်စစ်ခေါင်းဆောင်ဟာ တပ်ချုပ်ကနေ အနားယူပါမယ်၊ သမ္မတ ဆက်လုပ်မယ်လို့ ယူဆပါတယ်။ တပ်ခေါင်းဆောင် ရာထူးနေရာအတွက်လည်း ရွေးချယ် လျာထား ပြီးဖြစ်မယ် ထင်ပါတယ်။”
အဲဒီပွဲကို ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ကြည်း၊ ရေ၊ လေ ကာကွယ်ရေးဦးစီးချုပ်တွေ၊ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးက အဆင့်မြင့်အရာရှိတွေ၊ အရာရှိစစ်သည်တွေ တက်ရောက်တယ်လို့ သိရပါတယ်။
ဒါအပြင် တိုင်းစစ်ဌာနချုပ် တိုင်းမှူးတွေ၊ တပ်ဌာနချုပ်မှူးတွေနဲ့ စစ်ဆင်ရေးကွပ်ကဲရေးမှူးတွေလည်း အွန်လိုင်းကနေ တက်ရောက်တယ်လို့ စစ်တပ်သတင်းမှာ ဖော်ပြပါတယ်။
အဲဒီပွဲမှာ စစ်ခေါင်းဆောင်က သူကာကွယ်ရေးဦးစီးချုပ် တာဝန်ယူခဲ့တဲ့ ၂၀၁၁ ကနေ ၂၀၂၅ အတွင်း လုပ်ခဲ့တာတွေကို အမွှန်းတင်ခဲ့သလို တို့တာဝန်အရေးသုံးပါးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ဖို့နဲ့ စစ်တပ်ဂုဏ်ကို ဆက်လက်မြှင့်တင်ဖို့လည်း တွေ့ဆုံပွဲတက်သူတွေကို တိုက်တွန်း ခဲ့ပါတယ်။
ဒါအပြင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုလည်း သူ့ သက်တမ်း ၁၅ နှစ်မှာ လက်တွဲညီညီဆောင်ရွက်ခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။
စစ်ခေါင်းဆောင်ဆောင်မင်းအောင်လှိုင်လက်ထက် ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ အရာရှိနဲ့ စစ်သည်တွေ သောင်းနဲ့ချီကျဆုံးခဲ့ရတာဖြစ်ပြီး စစ်ဌာနချုပ်တွေလည်း တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ တိုက်ခိုက်သိမ်းပိုက်တာ ခံခဲ့ရပါတယ်။
စစ်တပ်က အပိုင်း ၃ ပိုင်းခွဲကျင်းပခဲ့တဲ့ အတုအယောင်ရွေးကောက်ပွဲအရ လွှတ်တော်ခေါ်ဖို့နဲ့ အစိုးရဖွဲ့ဖို့ အချိန်နီး ကပ်လာချိန်မှာ သမ္မတဖြစ်ဖို့ ရည်မှန်းချက်ရှိထားတဲ့ စစ်ခေါင်းဆောင်က အခုလို တွေ့ဆုံမှာကြားတာ ဖြစ်ပါတယ်။


