
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မတ် ၁၃ ရက်နေ့က စစ်တပ်ခေါင်းဆောင်ပိုင်းတွေနဲ့ တွေ့ဆုံရာမှာ သူ့ရဲ့ ကာကွယ်ရေးဦးစီးချုပ်သက်တမ်း ၁၅ နှစ်မှာ စစ်တပ်ကို အဆင့်မြှင့်တင်ပေးနိုင်ခဲ့သလို တပ်မိသားစု သက်သာချောင်ချိရေးနဲ့ လေ့ကျင့်ရေး၊ အုပ်ချုပ်ရေးနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေကိုလည်း မြှင့်တင်ပေးနိုင်ခဲ့တယ်လို့ သူ့ကိုယ်သူ အမွှန်းတင်ပြောဆိုလိုက်ပါတယ်။
ဒါအပြင် သူနဲ့ သူ့ရှေ့က စစ်ခေါင်းဆောင်တွေရဲ့ လက်ဆင့်ကမ်းအမွေကို ထိန်းသိမ်းပြီး စစ်တပ်ဂုဏ်ကို ဆက်လက်မြှင့်တင်ဖို့မှာကြားခဲ့တယ်လို့ စစ်တပ်အာဘော် သတင်းစာတွေက ထုတ်ပြန်ပါတယ်။
အဲဒီတွေ့ဆုံပွဲကို ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ သိပ်မကြာခင်ကမှ ကြည်း၊ ရေ၊ လေ ကာကွယ်ရေး ဦးစီးချုပ်တွေ၊ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးက အဆင့်မြင့် အရာရှိတွေ၊ အရာရှိစစ်သည်တွေ တက်ရောက်တယ်လို့ သိရပါတယ်။
ဒါအပြင် တိုင်းစစ်ဌာနချုပ် တိုင်းမှူးတွေ၊ တပ်ဌာနချုပ်မှူးတွေနဲ့ စစ်ဆင်ရေးကွပ်ကဲရေးမှူးတွေလည်း အွန်လိုင်းကနေ တက်ရောက်တယ်လို့ စစ်တပ်သတင်းမှာ ဖော်ပြပါတယ်။
အဲဒီပွဲမှာ စစ်ခေါင်းဆောင်က တို့တာဝန်အရေးသုံးပါးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့လည်း တွေ့ဆုံပွဲတက်သူတွေကို တိုက်တွန်းခဲ့ပါတယ်။
ဒါအပြင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုလည်း သူ့သက်တမ်း ၁၅ နှစ်မှာ လက်တွဲညီညီဆောင်ရွက်ခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။
စစ်တပ်က လုပ်ခဲ့တဲ့ အတုအယောင်ရွေးကောက်ပွဲအရ လွှတ်တော်ခေါ်ဖို့နဲ့ အစိုးရဖွဲ့ဖို့ အချိန်နီးကပ်လာချိန်မှာ သမ္မတလုပ်ဖို့ ရည်မှန်းချက်ရှိတဲ့ စစ်ခေါင်းဆောင်ကအခုလို တွေ့ဆုံမှာကြား ခဲ့တာ ဖြစ်ပါတယ်။


