
အာရက္ခတပ်တော် (AA) ထိန်းသိမ်းထားတဲ့ အမ်းမြို့နယ်ရှိ စစ်သုံ့ပန်းစခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ခေါင်းဆောင်က ရုရှားနိုင်ငံက ဝယ်ယူထားတဲ့ SU-30 လေယာဉ် ၅ စင်းကို ထုတ်ပြခဲ့ပါတယ်။
မနေ့က မိတ္ထီလာတပ်နယ် လေတပ်စခန်းဌာနချုပ်မှာ ပြုလုပ်တဲ့ တပ်တော်ဝင်ပွဲမှာ SU-30 ၅ စင်း၊ K-8W နဲ့ ချက်နိုင်ငံထုတ် L-410 လေယာဉ်တွေကို စစ်ခေါင်းဆောင် ထုတ်ပြခဲ့ပြီး စစ်ပွဲတွေကို ခုခံတွန်းလှန်နိုင်ဖို့ အသင့်ဖြစ်နေပြီလို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
“သမိုင်းတလျှောက် တိုင်းပြည်နဲ့ လူမျိုးအပေါ် အန္တရာယ်အမျိုးမျိုး ကျရောက်လာတဲ့ အချိန်တိုင်း၊ အချုပ်အခြာအာဏာကို ခြိမ်းခြောက် ထိပါးခံရတဲ့ အချိန်တိုင်း ပြည်သူရှေ့က မားမားမတ်မတ် ရပ်တည်ပြီး ကာကွယ်စောင့်ရှောက်နေတာဖြစ်တဲ့အတွက် စစ်ပွဲတွေကို ခုခံတွန်းလှန်နိုင်ဖို့ အသင့်ဖြစ်နေပြီ။”
စစ်တပ်အနေနဲ့ အခုလို စစ်ဘက်ဆိုင်ရာသုံး လေယာဥ်တွေ ဝယ်ယူတာဟာ ရန်သူကို နှိမ်နင်းဖို့ထက် ငြိမ်းချမ်းရေးလမ်းကြောင်းကို သွေဖည်ပြီး ဖမ်းဆီးခံထားရတဲ့ မိမိစစ်သုံ့ပန်းတွေကို သတ်ဖြတ်ပြီး စစ်ကြောင်းထိုးချင်နေတာ ဖြစ်တယ်လို့ စစ်သုံ့ပန်းတယောက်ရဲ့ မိသားစုဝင်တယောက်က DVB ကို ပြောပါတယ်။
“စစ်တပ်က လေယာဥ်ဝယ်တယ်ဆိုတာ ရခိုင်ကို ဗုံးကြဲဖို့ပါ။ ဘာလိုလဲဆိုတော့ စစ်သုံ့ပန်းတွေ ရှိနေရင် ငြိမ်းချမ်းရေးစကား ပြောရမယ်လို့ စစ်တပ်က တွက်ထားတယ်။ ဒါကြောင့် စစ်သုံ့ပန်းတွေကို အပြစ်ရှင်းပြီး စစ်ကြောင်းထိုးဖို့ စီစဥ်တာ။ စစ်တပ်ဘက်က ဘယ်လောက်ငြင်းငြင်း စစ်တပ်က ဗုံးကြဲလို့ သေသွားတဲ့ ကျနော်တို့တပ်ကလူတွေ ပါတယ်။”
၂၀၂၅ နဲ့ ၂၀၂၆ ခုနှစ်အတွင်း စစ်တပ်က ရုရှားနဲ့ တရုတ်ကနေ စစ်ဘက်သုံးလေယာဥ် ၃၅ စင်း ဝယ်ယူခဲ့တဲ့အတွက် ကြံ့ခိုင်ရေးအစိုးရလက်ထက်မှာ စစ်ပွဲတွေက ဆက်ဖြစ်ဦးမယ်လို့ စစ်ရေး လေ့လာသူတယောက်က ပြောပါတယ်။
“စစ်တပ်က စစ်ဘက်သုံးလေယာဥ်တွေ ရေယာဥ်တွေ ဝယ်နေသရွေ့ နိုင်ငံက ငြိမ်းချမ်းရေးရမှာ မဟုတ်ဘူး။ သတင်းအချက်အလက်တွေအရ ၂၀၂၅ နဲ့ ၂၀၂၆ အတွင်း စစ်တပ်က စစ်ဘက်သုံး လေယာဥ် ဝယ်ထားတာ ၃၅ စင်းလောက်ရှိမယ်။ ဒါက ပြည်တွင်းစစ် ရှည်ကြာမဲ့သဘောကို ပြနေတာ။”
၂၀၂၅ ခုနှစ် ဒီဇင်ဘာလက ပြုလုပ်တဲ့ ၇၈ နှစ်မြောက် လေတပ်နှစ်ပတ်လည်နေ့မှာလည်း စစ်ခေါင်းဆောင်က Mi 17 ရဟတ်ယာဉ် အပါအဝင် ဗုံးကြဲလေယာဥ် အစင်း ဆယ်နဲ့ချီပြီး ထုတ်ပြခဲ့ပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက စစ်တပ်က တရုတ်နဲ့ ရုရှားဆီက ဝယ်ယူထားတဲ့ စစ်ဘက်သုံးနဲ့ ဗုံးကြဲလေယာဥ် အစင်း ၅၀ ကျော် ရှိပြီလို့ စစ်ရေးလေ့လာသုံးသပ်သူတွေဆီက သိရပါတယ်။


