Home
ဆောင်းပါး
အာဏာရှင် မင်းအောင်လှိုင်ရဲ့ လူသတ်ထောင်
DVB
·
March 9, 2026

ပထမ အာဏာရှင် နေဝင်းလက်ထက် နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ရက်မရှိ ထောင်ထဲ ပစ်သွင်းခဲ့ဖူးတယ်။ နိုင်ငံရေးအရ ထိန်းသိမ်းခံတွေလို့ ဆိုတယ်။ အထူးသဖြင့် ၁၉၆၃ ခုနှစ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်တော့ နိုင်ငံရေးသမားတွေတင်မက စာရေးဆရာ၊ ကဗျာဆရာနဲ့ သတင်းစာဆရာတွေကို ကြောက်မက်ဖွယ် ပုဒ်မ ၅ ဆိုတာကြီးနဲ့ ထောင်ထဲထည့်။ တရားလည်းမစွဲ၊ ထောင်လည်းမချ၊ ဘယ်တော့ လွတ်မယ်မှန်းလည်း မသိ။ ကိုယ့်အနာဂတ်ကိုယ် စိတ်ကူးယဉ်ခွင့် မရှိအောင် အမှောင်ခန်းထဲ ပစ်ထည့်လိုက်သလိုမျိုး။ ပြီးတော့ လူမဆန်ဆုံး ရက်စက်ကြမ်းကြုတ်မှုက မိသားစုဝင်တွေလည်း ထောင်ဝင်စာတွေ့ခွင့်မရှိ။ မိသားစုထံသို့ သာကြောင်း၊ မာကြောင်း စာရေးဆက်သွယ်ခွင့်မရှိ။ အပြင်မှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေက ကိုယ့်လင်သား၊ ကိုယ့်အဖေ၊ ကိုယ့်သားချင်း ထောင်ထဲမှာ တကယ်ရှိသေးရဲ့လား၊ သေသလား ရှင်သလားပင် မသိရတဲ့ အခြေအနေ။

အဲဒီလို ပျောက်ဆုံးလူ့ဘဝအခြေအနေနဲ့ လက်နဲ့ ထိသမျှ အနုပညာဖြစ်ခဲ့တဲ့ ဆရာဒဂုန်တာရာလည်း ထောင်ထဲမှာ ၃ နှစ်ကျော် နေခဲ့ဖူးတယ်။ ဒါပေမဲ့ ၃ နှစ်ကျော်ကြာ ကမ်းကုန်အောင် လူမဆန် ဒဏ်သင့်ခဲ့တဲ့ နေရာကိုတောင် ဆရာဒဂုန်တာရာက “ဆိတ်ဖလူးရနံ့ သင်းတဲ့နေရာ’လို့ လှလှပပ ဖွဲ့နွဲ့ပြခဲ့တယ်။ 

သာမန်ရာဇဝတ်အကျဉ်းသားတွေအတွက်က ထောင်ထဲရောက်ရင် အချုပ်သားဘဝနဲ့ တရားရင်ဆိုင်။ တရားရုံးရဲ့ စီရင်ချက်က အပြီးအပြတ်လွတ်စေလို့ဆိုရင် အချုပ်သားဘဝနဲ့တင် ထောင်မှ လွတ်မြောက်။ တရားသူကြီးရဲ့ စီရင်ချက်က ဥပမာ-ထောင် ၃ နှစ် ကျခံစေလို့ အမိန့်ချခဲ့ရင် ထောင်ကျဆောင်ဘက်ပြောင်း။ တချို့လည်း ရဲဘက်လို့ခေါ်တဲ့ အလုပ်ကြမ်းစခန်းသို့ရောက်။ အကျဉ်းထောင်လက်စွဲဥပဒေအရ ထောင်စည်းကမ်းနဲ့အညီ နေထိုင်တဲ့ အကျဉ်းသားတိုင်းဟာ တနှစ်ကို အများဆုံး ၄ လ (သုံးဖို့တစ်ဖို့) အထိ လျှော့ရက်ခံစားခွင့်ရသေးတယ်။ ဆိုတော့ ရာဇဝတ်သား နှစ်ကြီးသမား ထောင်ကျတွေတောင်မှ ကိုယ်လွတ်မဲ့ရက်ကို စိတ်တွက် တွက်လို့ ရပြီး ပြင်ပမှာရှိတဲ့ မိသားစုဝင်တွေကလည်း ၂ ပတ် သို့မဟုတ် တလ တကြိမ် ထောင်ဝင်စာ တွေ့ခွင့်လည်းရ၊ စားသောက်ဖွယ်ရာတွေလည်း မှာယူလို့ရတယ်။

နေဝင်း လက်ထက် နိုင်ငံရေးထိန်းသိမ်းခံတွေကတော့ အထက်မှာဆိုထားသလို လွတ်မဲ့ရက်ဆိုတာလည်း မသိ၊ မှောင်အတိကမ္ဘာမှာ စိတ်ကူးယဉ်ခွင့် တစုံတရာပင်မရှိ။ တရက်၊ ထောင်ဝန်ထမ်းတယောက်က ထောင်အထူးအရာရှိရဲ့ အမိန့်လို့ ဆိုကာ နေမကောင်းဖြစ်နေတဲ့ ဆရာဒဂုန်တာရာကို လာခေါ်တယ်။ ဆရာက နေမကောင်းနေတာမို့ ထမ်းစင်နဲ့ လာခေါ်ဆိုတာနဲ့ ထမ်းစင်နဲ့တင်ခေါ်။ ထောင်ဘူးဝ ရောက်တော့ ထောင်အရာရှိတဦးက ထောင်ကနေလွှတ်ဖို့ လာခေါ်တာ ဖြစ်တယ်လို့ ဆိုတော့ ထမ်းစင်ပေါ် ပက်လက်လိုက်ပါလာတဲ့ ဆရာ ငေါက်ခနဲ ထထိုင်မိသွားတဲ့အထိ ဖြစ်သွားတယ်လို့ ထောင်တွင်း သတင်းပျံ့ခဲ့ဖူးတယ်။

ထောင်ကနေ လွတ်မှာကို မမျှော်လင့်ဘဲ ရုတ်တရက် သိရတဲ့အချိန် ဘယ်သူမဆို ရှော့ခ်ဖြစ်နိုင်တဲ့ အခြေအနေမှာ ထိရှလွယ်တဲ့ အနုပညာရှင်ကြီးတယောက် ငုတ်တုတ်ထထိုင်မိတာ ဘယ်ဆန်းမလဲ။ ရက်စက်လွန်းလှတဲ့ အာဏာရှင်တို့ရဲ့ဗီဇ သူတို့ စိတ်ကောင်းဝင်တဲ့အခါမှ ကောက်ကာငင်ကာ လွှတ်ချင်ရင် လွှတ်မယ် ဆိုတဲ့သဘော။

ဆရာဒဂုန်တာရာနဲ့ တရက်တည်း အတူပြန်လွတ်လာတဲ့ ကြေးမုံသတင်းစာတိုက်ပိုင်ရှင် အယ်ဒီတာချုပ် ဦးသောင်း ဆိုရင်လည်း ထောင်ထဲမဝင်ခင်တုန်းက အဲဒီခေတ်ကာလ သန်းကြွယ်သူဌေးဘဝကနေ ထောင်ကနေလွတ်တော့ သုည၊ ကိုယ့်အိမ်ကိုယ် ပြန်ရောက်ချိန် သော့ခလောက်တန်းလန်းနဲ့ မျှော်သူမဲ့ လူသူမဲ့အိမ်။ အိမ်ထောင်ရေးဘဝပါ ကြေမွပျက်စီးခဲ့ရ။ သတင်းစာဆရာကြီး ကြေးမုံဦးသောင်း လို မိသားစုနဲ့ချီ ချေမှုန်းဖျက်ဆီးခံရတဲ့ ဘဝတွေက ပထမစစ်အာဏာရှင်လက်ထက်မှာတင် မနည်းလှဘူးလို့ ဆိုကြ။

ဒုတိယစစ်အာဏာရှင် သန်းရွှေ လက်ထက်ရောက်တော့ တရားမစွဲ၊ ထောင်မချ ဘယ်အချိန် လွတ်မယ်မှန်းလည်း မသိ၊ ထောင်ထဲ ပစ်သွင်းထားလိုက်တဲ့ ပုံစံမျိုး မရှိတော့ပေမဲ့ ထောင်နှစ်ရှည်ချတဲ့နည်းနဲ့ ညှဉ်းပန်းနှိပ်စက်ခဲ့ပြန်တယ်။ ၁၉၉၆ ခုနှစ်၊ ကျောင်းသားလှုပ်ရှားမှု အပြီးမှာ သာမန် လက်သီးလက်မောင်းတန်း ဆန္ဒပြတဲ့ ကျောင်းသားကိုပင် အနည်းဆုံး ထောင် ၇ နှစ် ချမှတ်ခဲ့တယ်။ ၂၀၀၇ ခုနှစ်၊ လောင်စာဆီဈေး ကန့်ကွက်ဆန္ဒပြပွဲအပြီးမှာ စစ်ဗိုလ်ချုပ်တွေက လီဗာကို အားကုန်ဆောင့်နင်းကာ အနှစ် ၅၀၊ ၆၀ မက ထောင်ဒဏ်ချမှတ်ခြင်းနည်းနဲ့ စိတ်ဓာတ်ပျက်ပြားအောင် နှိပ်စက်ခဲ့တယ်။

နောက်ထပ် နှိပ်စက်နည်းတစ်ခုက ဥပမာ- ရန်ကုန်မြို့သား နိုင်ငံရေးအကျဉ်းသား ဆိုရင် မြစ်ကြီးနား ထောင်လို ရန်ကုန်မြို့နဲ့ အဝေးဆုံးထောင်ကို ပို့သလို မန္တလေးမြို့ နိုင်ငံရေးအကျဉ်းသားကို မော်လမြိုင်ထောင်ပို့ကာ မိသားစု ထောင်ဝင်စာ ပုံမှန်သွားမတွေ့နိုင်အောင် ဒုက္ခပေး။

သန်းရွှေ လက်ထက် အဆိုးရွားဆုံးလုပ်ရပ်က ဦးဝင်းတင်၊ ဦးဝင်းထိန်၊ ကိုမင်းကိုနိုင် စတဲ့ နိုင်ငံရေးခေါင်းဆောင်တချို့ကို နှစ်ရှည် ထောင်ချထားရုံတင်မက လွတ်ရက်စေ့လို့ လွတ်ပြီဆိုပြီး လွှတ်ဝရမ်းထုတ်ပေးကာ ထောင်ဘူးဝမှာတင် နောက်ထပ်တမှုနဲ့ ထပ်မံဖမ်းဆီး ထောင်ထဲထည့်၊ ရုတ်တရက် စိတ်အတက်အကျတွေနဲ့ သာမန်လူဆို ရူးသွားလောက်တဲ့ အလှုပ်အရမ်းတွေနဲ့ ကမ်းကုန်အောင် ဆိုးယုတ်ပြခဲ့တယ်။

အခု ၅ နှစ်ကျော်ကာလ လူ ဒီလောက်သတ်နေတာတောင် တတိယအာဏာရှင်ဘွဲ့ မရနိုင်ရှာတဲ့ မင်းအောင်လှိုင် လက်ထက်ကျတော့ ထောင်ထဲမှာ အသက်ဆုံးရှုံးတဲ့အထိ ညှဉ်းပန်းခံရတဲ့ နိုင်ကျဉ်းတွေလည်းရှိ၊ ထောင်အပြင်ထုတ်ကာ အသတ်ခံရတဲ့ နိုင်ကျဉ်းတွေလည်း ရှိတာကြောင့် ထောင်ဆိုတာ နိုင်ငံရေးအကျဉ်းသားတွေ အချိန်မရွေး အသက်ဆုံးရှုံးနိုင်တဲ့ နေရာအဖြစ်သို့ အဆင့်မြှင့်တင်နိုင်ခဲ့တယ်။

ထောင်ကနေ လွတ်ရက်စေ့လို့ လွှတ်ပြီး ထောင်ဘူးဝမှာတင် နောက်တမှုတပ်ကာ ထောင်ထဲ ပြန်ထည့်လိုက်တဲ့ ဖြစ်စဉ်တွေ၊ ဒီနေ့ လွတ်ငြိမ်းခွင့်ရပြီး နောက်တရက် အချုပ်ထဲ ပြန်ထည့်ခံရတဲ့ ဖြစ်စဉ်တွေလည်း ကြားရ။ လွတ်ငြိမ်းခွင့်လို့ဆိုကာ လွတ်ရက်နီး နိုင်ငံရေးအကျဉ်းသားတွေကိုသာ ရွေးလွှတ်တာမျိုးလည်း  မကြာခဏ။ အခု နောက်ဆုံးပေါ် ဗြောင်လိမ်ဗြောင်စားမှုကတော့ မတ် ၂ ရက် လွတ်ငြိမ်းခွင့်ကိစ္စ။

စစ်ကော်မရှင်က ထောင်ကျနိုင်ငံရေးအကျဉ်းသား ၇,၃၃၇ ဦးကို လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း ထုတ်ပြန်ခဲ့ပေမဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ မတ် ၄ ရက်ည စုံစမ်းအတည်ပြုချက်အရ ၄,၄၀၃ ဦးသာ လွတ်မြောက်လာတာတွေ့ရတယ်။ မတ် ၄ ရက်နောက်ပိုင်းမှာလည်း ထပ်မံလွှတ်ပေးတာမျိုး မရှိတော့တာကြောင့် လွတ်ငြိမ်းခွင့်ရ ထောင်ကျ နိုင်ငံရေးအကျဉ်းသား ၂,၉၃၄ ဦးက နာမည်ခံအဆင့်သာ လွတ်ငြိမ်းခွင့်ရကာ ထောင်ထဲမှာသာ ရှိနေတဲ့သဘော။ တချို့လည်း လွတ်ငြိမ်းစာရင်းထဲပါ၊ ထောင်ဘူးဝကို ရောက်ပြီးမှ ထောင်ထဲ ပြန်ဝင်သွားရကြောင်း ကြားရ။

ထောင်ဆိုတာ ဘယ်သူမှ မနေချင်တဲ့နေရာ။ အဲဒီလိုနေရာကနေ မမျှော်လင့်ဘဲ ကြားရတဲ့ လွတ်ငြိမ်းခွင့်ရ သတင်းကြောင့် ဘယ်သူမဆို ပျော်ရွှင်မှုဒီတက်ကြမှာ သေချာ။ ပျော်ရွှင်စွာနဲ့ အိမ်အပြန်လမ်းကို လှမ်းစိတ်ကူးယဉ်နေတဲ့အချိန်မှာ ‘မင်း ပါပေမဲ့ ထောင်ထဲ ပြန်သွား’ဆိုပြီး ကိုယ့်အတွက် ထောင်တံခါး ရုတ်တရက် ဆောင့်ပိတ်ခံလိုက်ရတဲ့အခါ ဘယ်သူမဆို စိတ်ထိခိုက် ကြေကွဲမိမှာလည်း အသေအချာ။ ပြောရရင် မင်းအောင်လှိုင်ရဲ့ထောင် ဆိုတာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသက်ကို ကာယကံမြောက် ဆွဲနုတ်နေရုံတင်မက နိုင်ငံရေးအကျဉ်းသားတို့ရဲ့ စိတ်ဓာတ်ရေးရာကိုပါ အစွမ်းကုန် ရိုက်ချိုးသတ်ဖြတ်နေကြောင်း မှတ်တမ်းတင်ရပါမယ်။

ဘာကိုမှ တာဝန်ယူ၊ တာဝန်ခံစရာ မလိုတဲ့ စစ်ကော်မရှင်အတွက်တော့ လွတ်ငြိမ်းခွင့်ရ ၂,၉၃၄ ဦးကို ဘာကြောင့် ပြန်မလွှတ်သလဲဆိုတာ ဖြေရှင်းချက်မပေးသလို ဘယ်သူ ဘာပြောပြော အရေးစိုက်နေမှာလည်း မဟုတ်ပါဘူး။

ဒါ့အပြင် ထားဝယ်ထောင်ကနေ လွတ်ငြိမ်းနဲ့ လွတ်လာတဲ့ ထားဝယ်မြို့ခံနိုင်ငံရေးအကျဉ်းသား ၂ ဦးဆီ မတ်လ ၄ ရက်မှာ စစ်မှုထမ်းဆင့်ခေါ်စာ ပေးပို့ခဲ့တဲ့အပြင် စစ်သားတွေက နေအိမ်ထိ လာရှာသွားသေးတာက အခုမှ လွတ်စ နိုင်ငံရေးအကျဉ်းသားဟောင်းတွေအပေါ် ချက်ချင်းဆိုသလို ဒုက္ခပေးလိုတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ သဘောထားနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို အချိန်မရွေး ဒုက္ခပေးနိုင်ကြောင်း သက်သေကောင်းပါပဲ။

ပြောရရင် ပထမအာဏာရှင် နေဝင်း ကစလို့ နိုင်ငံရေးအကျဉ်းသားတွေအပေါ် အစွမ်းကုန် ရက်စက်ယုတ်မာမှုဟာ ဒီနေ့ထိတိုင် ဆတိုးကိန်းတွေနဲ့ သူ့ထက်ကဲ။ နေမြင့်လာပေမဲ့ ဆုပ်ကိုင်ပြစရာ အာဏာက လောက်လောက်လားလား မရှိသေးလေတော့ အစွမ်းကုန်ယုတ်၊ အစွမ်းကုန်သတ်ကာ အရူးရင့်လာတာ ဘယ်ဆန်းပါ့မလဲ။ စစ်အာဏာရှင်တွေကို မရှင်းထုတ်နိုင်သရွေ့ ဒီသံသရာ ငရဲခန်း မှတ်တမ်းတွေသာ ဆက်လက်တိုးပွားနေမှာလည်း သိပ်သေချာနေပါတယ်။ 

လင်းဆက်ငြိမ်းချမ်း

ကိုးကား- ကိုဌေးမြိုင်(စိန်ခင်မောင်ရီ) / ဘီလူးတို့ရွာ (ကြေးမုံဦးသောင်း)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013