Home
ဆောင်းပါး
ဂျင်းကြိုက်တဲ့ မင်းအောင်လှိုင်
DVB
·
February 28, 2026

အခြေခံဥပဒေနဲ့အညီ အာဏာထိန်းလိုက်သူ ကယ်တင်ရှင်ကြီးအဖြစ် မင်းအောင်လှိုင် သူ့ကိုယ်သူ တကယ်ယုံနေတယ်လို့ ဘကြီးက ဆိုလိုက်တော့ ကျနော် အငိုက်မိသွားတယ်။

ဘကြီးရဲ့ ထုံးစံအတိုင်း ဖုန်းဝင်ပြီ ဆိုတာနဲ့ သူ ပြောချင်တာကို နိဒါန်းမပျိုးဘဲ ပြောတတ်သူမို့ ဘကြီး ပြောတာကို ကျနော် နားမလည်။ ဒါနဲ့ လင်းစမ်းပါဦး ဘကြီးရယ်လို့ မြန်မြန်တောင်းဆိုရတယ်။

“လူ့စိတ်သဘာဝအရ ယုံချင်ယောင်ဆောင်ရင်းနဲ့ တကယ်ယုံသွားတာ” လို့ ဘကြီးက ပြောပြတယ်။

စစ်တပ်ရဲ့ အဓိကအကြောင်းပြချက်က NLD အစိုးရ မဲလိမ်မဲခိုး မဲမသမာမှုကြောင့် အပြတ်အသတ် အနိုင်ရသွားတယ်ဆိုတဲ့ ကေ့စ်။ တခြားအကြောင်းပြစရာလည်း မရှိတော့ ပြည်တွင်း ပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့တွေက ၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတကြောင်း ဘယ်လိုပြောပြော စစ်တပ်က လက်မခံ။

“စပြောကတည်းက မင်းအောင်လှိုင်တို့က NLD အစိုးရ မဲလိမ် မဲခိုးတယ် ဆိုတာကို မျက်လုံးစုံမှိတ် ဇွတ်ယုံချင်ယောင်ဆောင်ပြီး ပြောခဲ့တာ။ လူ့စိတ်သဘာဝအရ ပထမ ကိုယ်လိမ်တာ ကိုယ်သိပေမဲ့ လိမ်နေတာကို ဒါ တကယ်ပါလို့ ခဏခဏ ပြောဖြစ်တဲ့အခါ နည်းနည်းကြာလာတော့ အမှန်လို့ ယုံသွားတော့တာ” လို့ အသက် ၈၀ ကျော်ပြီဖြစ်တဲ့ ဘကြီးက သူ့ဘဝအတွေ့အကြုံအပေါ် အခြေခံကာ မှတ်ချက်ပြုတယ်။

အဲဒါကြောင့်လည်း NLD မဲလိမ်မဲခိုးကိစ္စ၊ ခြေဥနဲ့အညီ အာဏာထိန်းခြင်းဖြစ်ကြောင်း မင်းအောင်လှိုင် မိန့်ခွန်းပြောတဲ့အခါတိုင်း သူ့ရုပ်ရည်ကလည်း တချက်တွန့်မသွားဘဲ ယုံကြည်မှုအပြည့်ရှိပုံ ပေါက်နေတယ်လို့လည်း ဘကြီးက ဆိုတယ်။

ပြီးတော့ သူတို့စစ်တပ်ရဲ့ သဘာဝကလည်း အထက်အောက် အဆင့်ဆင့် ကြီးသူရဲ့အလေ့ ငယ်သူက ဆောင်။ ကြီးသူရဲ့အကြိုက် ငယ်သူတွေက မြှောက်ကြပင့်ကြ အရူးဘုံမြှောက်။ စစ်တပ် အတွင်းစည်း ယန္တရားကို အဲဒီလိုနည်းနဲ့ ဖွဲ့စည်းခဲ့တာ ပထမအာဏာရှင် နေဝင်း လက်ထက်ကတည်းက။

“၁၉၉၆၊ ၉၇ လောက်တုန်းက ဘကြီးသူငယ်ချင်း ဒုဗိုလ်မှူးကြီး ဇာတိကို အလည်ပြန်လာလို့ ဘကြီးက ထမင်းဖိတ်ကျွေးတော့ ထမင်းစားဖို့ ဟင်းခပ်တဲ့ ရိုးရိုးဇွန်း တောင်းတယ်။ ဇွန်းခက်ရင်း ပေးတော့ မဟုတ်ဘူး။ ရိုးရိုးဇွန်းပဲ။ ဘာလို့လဲလို့မေးတော့ သူတို့အဘ သန်းရွှေက ရိုးရိုးဇွန်းနဲ့စားလို့ သူတို့အရာရှိတွေလည်း အဲဒီလိုလိုက်စားရင်း အကျင့်ဖြစ်နေတာဆိုပြီး ပြောပြဖူးတယ်” လို့ ဘကြီးက ပြောတော့ ကျနော် ပါးစပ်အဟောင်းသား ဖြစ်ရတယ်။

“အဲဒါနဲ့ ဘကြီးလည်း မနေနိုင်လွန်းလို့ မင်းတို့အဘ ခြေထောက်နဲ့ ထမင်းစားရင်းရော လိုက်စားကြမှာလားလို့ ပြောထည့်လိုက်တော့ ဒီကောင်က ခြေထောက်နဲ့စားဆိုလည်း စားရမှာပဲလို့ ပြန်ပြောပြီး သူတို့စစ်တပ်ထဲက အထက်အောက် ဖွဲ့စည်းပုံအကြောင်း ရှင်းပြဖူးတယ်” လို့ ဘကြီးက နောက်ကြောင်းပြန်ပြတယ်။

သူတို့စစ်တပ်တွင်း ယန္တရားက အဘကြီးတွေ၊ အဘလေးတွေ ဘာလုပ်နေသလဲ၊ ဘယ်ဟာကို ခံတွင်းလိုက်နေသလဲ မျက်စိရှင်ရှင်ထား ကြည့်နိုင်၊ အလိုက်သိနိုင်မှ အပွင့်တွေ အခက်တွေ ဝေဝေဆာဆာနဲ့ ရှေ့ရေးက သေချာမယ်ဆိုတော့ မြှောက်ရ ပင့်ရ အလိုက်သိရ။

ရှေးသရောအခါက ဒုတိယအာဏာရှင် သန်းရွှေ သွားလေရာနေရာတိုင်း ပြည်သူတွေ လက်အုပ်ချီလျက် ကြိုဆိုရတယ်ဆိုတာ သန်းရွှေရဲ့ အကြိုက်။ အကြားအမြင်တွေ၊ ရှေ့ဖြစ် နောက်ဖြစ်ဟော ဆရာတွေက စစ်အာဏာရှင်တို့အကြိုက်ကို ကောင်းကောင်းသိကြလေတော့ ဟိုဘုရင် ဒီဘုရင် ဝင်စားတာလိုလို ညက်ညက်လေးနဲ့ မွှေးမြမြ နယ်ဖတ်ကျွေးထားတဲ့ ဂျင်းလေးက စိမ့်လို့။ သူတို့ကိုယ်သူတို့ တိုင်းခန်းလှည့်လည်တဲ့ ဘုရင်တွေအဖြစ် ရှုမြင်။ အနီးကပ် တပည့်တပန်းတွေကလည်း အရိပ်မပြခင်ကတည်းက အကောင်ထင်နေသူချည်းမို့ အဘအကြိုက် ပြည်သူတွေ လက်အုပ်ချီ ကြိုခိုင်းဖို့ တချက်လွှတ်အမိန့်ထုတ်ကြ။

လက်အုပ်ချီကြိုဆိုပွဲ ပြီးတဲ့အခါကျတော့ “ပြည်သူတွေက အဘကြီးကိုမြင်တာနဲ့ လက်အုပ်တွေ အလိုလိုချီကြတာ” လို့ သာသာထိုးထိုးလေး ထပ်ပင့်တဲ့အခါ အဘကြီးခမျာ မဟုတ်မှန်းသိပေမဲ့လည်း အမြှောက်ကြိုက်တော့လည်း ရုပ်တည်ကြီးနဲ့ တိတ်တခိုး ကျေနပ်ရတာပဲ။ ဒါပေမဲ့ အဲဒီလို မြှောက်လုံးတွေက များလာတော့ ပြည်သူတွေက နိုင်ငံ့ခေါင်းဆောင်ကြီး သူ့ကို တကယ်ကြွေလို့ လက်အုပ်ချီကြတာလို့ ယုံကြည်သွားတော့တယ်တဲ့။

အဲဒီလို အမြှောက်သိပ်ကြိုက်ကြတဲ့ စစ်အာဏာရှင်တွေရဲ့ နောက်ထပ်ဖက်ရှင်တခုက ကန့်လန့်ကာ နောက်ကွယ်ဆီ ဝင်သွားကြပြီဆို စိတ်ပုတီးဂျောက်ဂျက်နဲ့ ဘုရားလိုလို တရားလိုလိုတွေနဲ့ ဆိုးယုတ်ခဲ့သမျှ ခြောက်အိပ်မက်တွေကို ဘုရားကု ကုကြတော့တာပဲ။ ပထမအာဏာရှင် နေဝင်း ဆိုရင်လည်း အာဏာလက်မဲ့ဘဝ ရောက်သွားပြီးနောက် ဒီတရား (မဟာစည်ဆရာတော်ရဲ့ တရားလို့ထင်) တွေကိုသာ သိခဲ့ရင် အာဏာသိမ်းဖြစ်မှာ မဟုတ်ဘူးလို့ သူ့တပည့် မိုးကုတ် ဦးချစ်လှိုင်ကို ပြောကြားခဲ့လေသတဲ့။ တိုင်းပြည်ကို ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်တဲ့အထိ ထင်ရာစိုင်းခဲ့ပြီးနောက် ပြောထွက်ရဲတဲ့ ပါးစပ်က အဲဒီလို။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မီဒီယာပလက်ဖောင်းပေါ် တက်လာတဲ့ ဒုတိယအာဏာရှင် သန်းရွှေရဲ့ ရုပ်ကို ကြည့်ရတာလည်း ဘုရားလိုလို တရားလိုလိုနဲ့ ဘုရားတရားကလွဲ တခြား ဘာမှ မသိတော့သလိုလို။ တချိန်က ဘဝရှင်မင်းတြားကြီးအဖြစ် အာဏာသိပ်ကြီးခဲ့တဲ့ သန်းရွှေ အခုတော့ နေပြည်တော် ၆ လုံးတန်းမှာ အကျယ်ချုပ်ပမာ ထွက်ချင်တိုင်း ထွက်လို့မရတဲ့ဘဝ။ အဲဒါကြောင့်လည်း တပည့်မွေးသိပ်တော်ခဲ့တဲ့ မင်းတြားကြီး တပည့်ကျော် မင်းအောင်လှိုင် စိတ်ကွက်မှာ စိုးတာကြောင့် ပုတီးချည်း တဂျောက်ဂျောက် စိတ်ပြတာမျိုးလည်း ဖြစ်နိုင်ရဲ့။ ထား။

ဘာပဲဖြစ်ဖြစ် နေဝင်းနဲ့ သန်းရွှေဆိုတာ အာဏာရှင်ပီပီ အမြှောက်ကြိုက်ကြပေမဲ့ သူတို့အာဏာက ဘယ်သူမှ မော်မကြည့်ရဲလောက်အောင် သိပ်ကြီးလွန်းနေတော့ သူတို့ကိုယ်သူတို့ ယုံကြည်မှုလည်း ကြီးတဲ့ပုံ။ အဲဒါကြောင့် သူတို့ကိုယ်သူတို့ မင်းခမ်းမင်းနားတွေ၊ အဆောင်အယောင်တွေနဲ့ မြှင့်တင်တာမျိုး သိပ်မလုပ်ခဲ့ဘူး။

အခု လူသတ်ချန်ပီယံ မင်းအောင်လှိုင်ကျတော့ ဘမျိုးဘိုးတူ အမြှောက်ကြိုက်ရုံတင်မက အဆောင်အယောင်နဲ့ ပတ်သက်လာရင်လည်း သည်းသည်းလှုပ်။ နဂိုအခံက အဆောင်အယောင် ရူးရတဲ့အထဲ အာဏာသိမ်းကာလ ၅ နှစ်သာ ကျော်သွားတယ်။ အာဏာက များများစားစား မယ်မယ်ရရ မရှိသေးတာကြောင့် အဆောင်အယောင်တွေနဲ့ ဂုဏ်ဆာပြတာလည်း ပါမယ်ထင်တယ်။

သမ္မတရူးက သိပ်ရူးလွန်းတာကြောင့် အာဏာသိမ်းပြီးတာနဲ့ သမ္မတအိမ်တော်ပေါ် တန်းတက်။ မဖြစ်စလောက် နိုင်ငံခြားဧည့်သည်တွေလာရင် သမ္မတဝတ်စုံ ဝတ်ဆင်ကာ သမ္မတ အဆောင်အယောင် သီဟာသန ပလ္လင်ရှေ့ လက်ခံတွေ့ဆုံရတာကိုလည်း ကြိုက်မှကြိုက်။ ပြီးတော့ သူ့ကိုယ်သူလည်း ဘွဲ့တံဆိပ်တွေ ချီးမြှင့်ရုံတင်မက သူ့သစ္စာခံတွေကိုလည်း ဘွဲ့တံဆိပ်တွေ ပေးလိုက်တာမှ ရက်ရက်ရောရော။ အခါကြီး ရက်ကြီးတွေ ရောက်ရင်လည်း သမ္မတဖြစ်ကြောင်း သင်္ကေတ လွတ်ငြိမ်းချမ်းသာတွေလည်း အောတိုက်။

အဲဒီလို အမြှောက်လည်းကြိုက်၊ ကျပ်လည်းမပြည့်ရှာတဲ့ မင်းအောင်လှိုင် ဆိုတော့ အရှေ့တီမောနိုင်ငံက ညက်ညက်ကလေးသော ဂျင်းထည့်တာ ခံရတော့တယ်။

အရှေ့တီမောနိုင်ငံက အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ နှစ်အတော်ကြာကတည်းက ကြိုးစားခဲ့တယ်။ အာဆီယံက ချက်ချင်း လက်မခံ၊ ကာလရှည် စောင့်ကြည့်ပြီး ၂၀၂၂ ကျမှ လေ့လာသူအဖြစ် တဆင့်မြှင့်ပေးတယ်။ နောက်တဆင့် အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ကျ အာဆီယံနိုင်ငံတွေအားလုံးက တညီတညွတ်တည်း လက်ခံပါမှ။

အရှေ့တီမောက NUG အစိုးရကို တရားဝင် အသိအမှတ်ပြု ဆက်ဆံခဲ့တာကြောင့် စစ်ဗိုလ်ချုပ်တွေ ဘယ်နေလိမ့်မလဲ။ အာဆီယံအဖွဲ့ဝင်အဖြစ် လက်မခံဘူးလို့ တန်း ကန့်ကွက်တော့တယ်။ ဒါနဲ့ ပြီးခဲ့တဲ့နှစ်ကစလို့ အရှေ့တီမောအစိုးရက မင်းအောင်လှိုင်အကြိုက် NUG အစိုးရနဲ့ ခပ်ကင်းကင်း နေပြရုံတင်မက တီမောနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်အထိ သွားရောက်လည်ပတ်ကာ ၂ နိုင်ငံအစိုးရ ပူးပေါင်းဆောင်ရွက်ရေးတွေ ဆွေးနွေးပြလိုက်တာကြောင့် အမြှောက်ကြိုက်ကြီး မင်းအောင်လှိုင် ကြွေသွားပုံရတယ်။

အရှေ့တီမော NUG ကို ခါထုတ်လိုက်ပြီ။ အရှေ့တီမော အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခြင်းဟာ သူတို့ကို ထောက်ခံတဲ့နိုင်ငံတနိုင်ငံ ရလိုက်တာပဲလို့ စစ်ဗိုလ်ချုပ်ကြီးတွေ အပိုင်တွက်ကာ ကန့်ကွက်မှုကို ပြန်ရုပ်သိမ်း၊ အရှေ့တီမောလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်သွားတော့တယ်။

ပြီးတော့ ဘယ်ကြာလိမ့်မလဲ။ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ချင်းပြည်နယ်အတွင်း စစ်တပ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ဇန်နဝါရီ ၁၂ ရက်မှာ တီမောတရားရုံးကို တိုင်ကြားတဲ့အပေါ် လက်ခံလိုက်ရုံတင်မက တီမောသမ္မတကိုယ်တိုင်က CHRO အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့တာကြောင့် ကျောချမှ ဓားပြမှန်းသိကာ အမြှောက်ကြိုက်သူကြီး နေပြည်တော်မှာ ခုန်ဆွခုန်ဆွနဲ့ ပေါက်ကွဲတော့တယ်။

အာဆီယံကို တိုင်စာတွေပို့၊ တီမောအစိုးရကို ပြင်းထန်စွာ ကန့်ကွက်ကြောင်းတွေ ထုတ်ပြန်၊ ရန်ကုန်မှာရှိတဲ့ တီမောသံရုံး ယာယီတာဝန်ခံကို ခေါ်ပြီး တပတ်အတွင်း နိုင်ငံကနေ ထွက်ခွာဖို့ နှင်။ တီမောအစိုးရကတော့ အာဆီယံဝင်ခွင့်ရပြီးပြီဆိုတော့ အေးဆေးပဲ။

အဲဒီလို အမြှောက်ကြိုက်လို့ ဂျင်းထည့်ခံရတဲ့ မင်းအောင်လှိုင်ကို ဒေါသတွေပြေပြီး အရှက်လည်း ကြေသွားအောင်လို့ပဲလား မပြောတတ်။ မင်းအောင်လှိုင်ရဲ့ သိတတ်လှတဲ့ တပည့်ကျော်တွေက ဒေါက်တာဘွဲ့ ချီးမြှင့်ပေးလိုက်ကြပုံရတယ်။

ဖေဖော်ဝါရီ ၅ ရက်မှာ ရန်ကုန်တက္ကသိုလ်က မင်းအောင်လှိုင် စီမံခန့်ခွဲတာ တော်လို့ဆိုပြီး ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ပါရဂူဘွဲ့ ဆိုလား ချီးမြှင့်။ ဒါမျိုးဆို ကြိုက်လွန်းတဲ့ မင်းအောင်လှိုင် ဘွဲ့ဝတ်စုံကြီး တကားကားနဲ့ အတည်ပေါက်။ သူ့စီမံခန့်ခွဲမှု စွမ်းပကား မိန့်ခွန်းတွေလည်း ခြွေ၊ သူ့ကိုယ်သူ ဂုဏ်ပြုတဲ့ ဂုဏ်ပြုညစာစားပွဲတောင် တည်ခင်းလိုက်သေး။

ဂျင်းကြိုက်တဲ့ ဒေါက်တာကြီးအဖြစ်  တီမောအစိုးရတင်မက တကမ္ဘာလုံးကပဲ ရယ်ရယ်။ စီမံခန့်ခွဲမှု ပညာ ပါရဂူမြောက်တော်တာ သူ့ကိုယ်သူ အသိဆုံး။ သူ့တပည့်တွေ အသိဆုံးမို့ ဘယ်သူတွေ ဘာပြောပြော အေးဆေးဆိုတာမှ အလီလီအခါခါ နေပြည်တော်မှာ ဒေါက်တာမင်းအောင်လှိုင် အေးဆေး။

လင်းဆက်ငြိမ်းချမ်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013