Home
မြန်မာသတင်း
ICC ဖမ်းဝရမ်းထုတ်ပြီးပါက မင်းအောင်လှိုင်အား ဖမ်းပေးရန် ဖိလစ်ပိုင်ကို SAC-M တိုက်တွန်း
DVB
·
February 25, 2026
Photo: DSINFO

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) က ဖမ်းဝရမ်းထုတ်ပြန်လာတဲ့အခါ သူ့ကိုဖမ်းဆီးပြီးတော့ သည်ဟိတ်မြို့ကို လွှဲပြောင်းပေးပို့နိုင်ရေး ဖိလစ်ပိုင်နိုင်ငံက ICC နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လူသိရှင်ကြားထုတ်ပြန် အတည်ပြုသင့်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က တိုက်တွန်းပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေကို စစ်ရာဇဝတ်မှုနဲ့တရားစွဲဖို့ တီမောလက်စ်တေနိုင်ငံရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ ကတိကဝတ်ပြုဆောင်ရွက်ချက်က အာဆီယံအတွင်း မြန်မာ့အရေးဆိုင်ရာ အလှည့်အပြောင်းတခုဖြစ်တယ်လို့ (SAC-M) က ဖေဖော်ဝါရီ ၂၃ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ခုလို တိုက်တွန်းတောင်းဆို ထားတာပါ။

တီမောလက်စ်တေဟာ အာဆီယံအဖွဲ့ဝင်ဖြစ်ပြီးနောက် လပိုင်းအတွင်း ချက်ချင်းဆိုသလိုပဲ ငြိမ်းချမ်းရေးအပေါ် ထားတဲ့ သူ့ရဲ့ကတိကဝတ်ကို ဖြည့်ဆည်းကာ ခေါင်းဆောင်မှုကို ပြသလိုက်တာလို့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီက ဆိုပါတယ်။

ဖေဖော်ဝါရီလ အစောပိုင်းမှာ တီမောလက်စ်တေက မင်းအောင်လှိုင်အပါအဝင် မြန်မာစစ်အုပ်စုကို စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စွဲချက်တင်နိုင်ရေး ဖြစ်နိုင်ခြေနည်းလမ်းတွေကို ဖော်ထုတ်ဖို့ တရားရေးအရာရှိတဦးခန့်အပ်ခဲ့ပြီး ဒါဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတခုက တခြား အဖွဲ့ဝင်နိုင်ငံတခုအပေါ် ခုလို အရေးယူဆောင်ရွက်တာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

စစ်အုပ်စုဘက်ကတော့ ကြိုတင်တွက်ဆထားတဲ့အတိုင်း တီမောလက်စ်တေကို မြန်မြန်ဆန်ဆန် လက်တုံ့ပြန်ခဲ့ကာ အာဆီယံရဲ့ ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ရေးမူကို ချိုးဖောက်တယ်ဆိုကာ တီမောရဲ့ မြန်မာနိုင်ငံဆိုင်ရာ ယာယီသံရုံးတာဝန်ခံကို နှင်ထုတ်ခဲ့ပါတယ်။ 

ဒါပေမဲ့ ဒေသတွင်း အကျပ်အတည်း ဖြစ်စေလောက်တဲ့အထိ စစ်အုပ်စုက ပြောင်းပြောင်းတင်းတင်း ကျူးလွန်နေတဲ့ ရက်စက်မှုတွေက အာဆီယံအဖွဲ့ဝင်နိုင်ငံ တခုချင်းအပေါ်ရော အစုအဖွဲ့တခုလုံးအပေါ်မှာပါ ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အာဆီယံအနေနဲ့ တီမောလက်စ်တေရဲ့ ကမကထပြုဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီးတော့ ရိုးရှင်းစွာတုံ့ပြန်ကာ တီမောလက်စ်တေကို အားပေးထောက်ခံပြီး စစ်အုပ်စုကို ဝိုင်းဝန်းဖြိုခွင်းသင့်တယ်လို့ SAC-M က ထုတ််ပြန်ပါတယ်။ 

၅ နှစ်ကျော်ကာလအတွင်းမှာလည်း အာဆီယံဟာ စစ်အုပ်စုကြောင့် အမြဲ အရှက်တကွဲဖြစ်ခဲ့ရသလို အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ဟာလည်း မင်းအောင်လှိုင်ရဲ့ ကတိကဝတ် ဖောက်ဖျက်မှုကြောင့်  ၄၈ နာရီသာ ခံခဲ့ကြောင်းလည်း ထောက်ပြထားပါတယ်။ 

အဲဒီနောက်ပိုင်းမှာ စစ်အုပ်စုက အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်တာ၊ အငတ်ဘေးနဲ့ သဘာဝဘေးအန္တရာယ်ကို လက်နက်အဖြစ် အသုံးပြုတာ၊ လူသားချင်းစာနာမှုအကူအညီတွေ ပိတ်ပင်တာ၊ သန်းနဲ့ချီတဲ့ ပြည်သူတွေကို နေရပ်စွန့်ခွာထွက်ပြေးစေတာ၊ ထောင်ပေါင်းများစွာသော မြန်မာလူငယ်တွေကို အဓမ္မတပ်သားသစ်စုဆောင်းကာ ပြည်သူအချင်းချင်း ပြန်လည်တိုက်ခိုက်စေတာ စတာတွေကို ကျူးလွန်လာခဲ့သလို နိုင်ငံပြင်ပအထိ သက်ရောက်မှုတွေဖြစ်စေတဲ့ အထွေထွေအကျပ်အတည်းတခုဖြစ်အောင် ဖန်တီးလာခဲ့ပြီး နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို ရှင်သန်ကြီးထွားလာစေခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိအာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံဟာ လူသတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ မုဒိန်းမှု တွေနဲ့ဆက်စပ်တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှုတွေနဲ့ သမ္မတဟောင်း ရော်ဒရီဂိုဒူတာတေးကို ICC ဆီ ဖမ်းဆီးလွှဲပြောင်းဖို့ ပံ့ပိုးကူညီခြင်းအားဖြင့် နိုင်ငံတကာဥပဒေအပေါ်ထားတဲ့ သူ့ရဲ့ကတိကဝတ်ကို ပြသခဲ့သလို ဒူတာတေးအပေါ် စွဲချက်တွေကို အတည်ပြုဖို့ သည်ဟိတ်မြို့မှာ ခုသီတင်းပတ်ထဲ ကြားနာစစ်ဆေးမှု ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ခုတကြိမ်မှာလည်း ဖိလစ်ပိုင်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ စပ်လျဉ်းပြီး အလားတူ မူကို အခြေခံဆောင်ရွက်ကာ အာဆီယံကို ဦးဆောင်မှုပေးရမယ်လို့ SAC-M က ပြောပါတယ်။

အဲဒီနောက် တီမောလက်စ်တေက ပူးပေါင်းပါဝင်လာမှာဖြစ်သလို မလေးရှားနဲ့ စင်ကာပူတို့ကလည်း ပံ့ပိုးမှုပေးရမှာဖြစ်ပြီး  လက်ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေကောင်စီ ဥက္ကဋ္ဌ လည်းဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံအနေနဲ့လည်း အလားတူ အားပေးပံ့ပိုးသင့်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲအား ငြင်းပယ်တဲ့ ရပ်တည်ချက်ကို အခိုင် အမာစွဲကိုင်ထားခဲ့တဲ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ရှေ့လျှောက် မြန်မာပြည်သူတွေအတွက် တရားမျှတမှုရှာဖွေနိုင်ဖို့ ပိုမိုခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေကို ဆက်လက်ချမှတ်ဆောင်ရွက်ရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013