
ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို စွဲချက်တင်ဖို့ သင့်၊ မသင့် ကြားနာပွဲကို နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့က အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) မှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက်မှာ စတင်မှာဖြစ်ပါတယ်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေး နှိမ်နင်းမှုမှာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ စွဲချက်နဲ့ စွပ်စွဲခံထားရပေမဲ့ ဒူတာတေး ဘက်ကတော့ တရားခွင်တက်ရောက်ဖို့ ငြင်းဆိုထားပါတယ်။
အသက် ၈၀ ရှိပြီဖြစ်တဲ့ ဒူတာတေးကို ပြီးခဲ့တဲ့နှစ်က မနီလာမြို့တော်မှာ ဖမ်းဆီးပြီးတော့ သည်ဟိတ်ဂ်ကို ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဒူတာတေးကတော့ ဒါဟာ လက်ရှိသမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ပြန်ပေးဆွဲတာဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်ပြီးတော့ လေယာဉ်ပေါ် အတင်းအဓမ္မ တင်ပို့ခဲ့တာလို့ စွပ်စွဲပြောဆိုထားပါတယ်။
“အသက်ကြီး၊ မောပန်း၊ ချည့်နဲ့နေသလို မှတ်ဉာဏ်လည်း မကောင်းတော့တဲ့အတွက် တရားခွင်တက်မှာ မဟုတ်ဘူး” လို့ ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ထားပါတယ်။
ကျဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေကတော့ ဒူတာတေးဟာ တာဝန်ယူရမှာကြောက်လို့ ရှောင်ပြေးနေတဲ့ သူရဲဘောကြောင်သူအဖြစ် ဝေဖန်ထားကြပါတယ်။
ICC ရဲ့ စုံစမ်းစစ်ဆေးမှုတွေဟာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလကနေ ၂၀၁၆ ခုနှစ် ဇွန်လအထိ ဒါဗာအိုမြို့မှာ သူ မြို့တော်ဝန်ဖြစ်စဉ်က ဖြစ်ပွားခဲ့တဲ့ လူသတ်မှုတွေကို လွှမ်းခြုံထားတာပါ။
ဒါ့အပြင် သူသမ္မတဖြစ်လာပြီးနောက် ဖိလစ်ပိုင်နိုင်ငံ ICC ကနေ နုတ်ထွက်ခဲ့တဲ့ ၂၀၁၉ ခုနှစ် မတ် ၁၆ ရက်အထိ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုတွေလည်း ပါဝင်ပါတယ်။
မူးယစ်ဆေးဝါးနှိမ်နင်းမှုတွေကြောင့် အရပ်သား ၁၂,၀၀၀ ကနေ ၃၀,၀၀၀ အထိ သေဆုံးခဲ့ရတယ်လို့ ICC အစိုးရရှေ့နေက ခန့်မှန်းထားပါတယ်။
ဒီကြားနာမှုကို လာမဲ့ သောကြာနေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး စွဲချက်တင်၊ မတင် ဆိုတာကို တရားရုံးက နောက်ထပ် ရက် ၆၀ အတွင်း အပြီးသတ် ဆုံးဖြတ်ချက် ချမှတ်သွားမှာ ဖြစ်ပါတယ်။


