Home
ဆောင်းပါး
မြန်မာပြည်အတွက် တရားမျှတမှု မပေးနိုင်ရင် ICC က ဘာလုပ်ဖို့လဲ
DVB
·
January 2, 2026

မြန်မာစစ်ကောင်စီကို တရားစွဲဖို့ နှောင့်နှေးနေတဲ့အတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ဟာ အရာမရောက်တော့တဲ့ အခြေအနေနဲ့ ကြုံနေရတယ်လို့ ဝါရင့်သတင်းစာဆရာ ခရစ္စတိုဖာ ဂန်းနက်စ်က ရေးသားထားပါတယ်။

ICC ရှေ့နေချုပ်ဖြစ်သူ ဗြိတိန်နိုင်ငံသား ဝါရင့်ရှေ့နေကြီး ကာရင်ခန်းက မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို “လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ နေရပ်ကနေ အတင်းအဓမ္မ မောင်းထုတ်တာတွေနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ” နဲ့ ဖမ်းဝရမ်းထုတ်ပေးဖို့ တောင်းဆိုခဲ့တာ အခုဆိုရင် တနှစ်ကျော်နေပါပြီ။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ “နယ်မြေရှင်းလင်းရေး” လုပ်ခဲ့တာ ၇ နှစ်တိတိ ကြာပြီးမှ ကာရင်ခန်းရဲ့ ကြေညာချက် ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေက ကမ္ဘောဒီးယားမှာ အာဏာရှင် ပိုပေါ့ရဲ့ အကြမ်းဖက်အုပ်စိုးမှုပြီးရင် အရှေ့တောင်အာရှမှာ အဆိုးရွားဆုံး ဖြစ်ရပ်ကြီးပါ။ အမေရိကန်က ဒါကို ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ “လူမျိုးတုံးသတ်ဖြတ်မှု” (ဂျီနိုဆိုက်) လို့ သတ်မှတ်ထားပါတယ်။ မြန်မာစစ်ကောင်စီဘက်က လူအစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေ၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်တာတွေ၊ ရွာလုံးကျွတ် စနစ်တကျ မီးရှို့တာတွေ လုပ်ခဲ့လို့ လူ ၇ သိန်းခွဲလောက် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ရပါတယ်။

ဒါပေမဲ့ ဖမ်းဝရမ်းတောင်းခံတဲ့ တနှစ်ပြည့်သွားတာတောင် ဒီကိစ္စကို စဉ်းစားဆုံးဖြတ်ရမဲ့ ICC ရဲ့ အမှုကြိုတင်စစ်ဆေးရေးခုံရုံး အမှတ် ၁ (Pre-Trial Chamber 1) ဘက်က ဝရမ်းမထုတ်သေးပါဘူး။၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာတခုမှလည်း ထုတ်မပြောသေးပါဘူး။ ဒီလို ကြန့်ကြာနေတာမျိုး တရားရုံးရဲ့သမိုင်းမှာ တခါမှ မရှိခဲ့ဖူးပါဘူး။ ဒီတော့ ICC ဟာ သူတို့ရဲ့ မူလကတိကဝတ်ဖြစ်တဲ့ “ရာဇဝတ်ကောင်တွေကို ထိထိရောက်ရောက် အရေးယူရေး” နဲ့ “နိုင်ငံတကာ ရာဇဝတ်မှုတွေကို ပြစ်ဒဏ်ကင်းလွတ်ခွင့် မပေးရေး” ဆိုတာကို ပျက်ကွက်နေပြီလို့ ဝေဖန်မှုတွေ ရှိလာကြပါတယ်။

ICC ရဲ့ သိက္ခာကလည်း အခုအချိန်မှာ မေးခွန်းထုတ်စရာ ဖြစ်နေပါပြီ။ အထူးသဖြင့် မြန်မာပြည်ထဲက လူတွေနဲ့ လူဦးရေ ၁ ဒသမ ၂ သန်းလောက်ရှိတဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက လူတွေအကြားမှာပါ။ အဲဒီစခန်းတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ များနေသလို ဒုက္ခသည်တွေကလည်း အစာရေစာပြတ်လပ်မှု၊ အငတ်ဘေးတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် အမေရိကန်သမ္မတ ထရမ့်ပ်က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို ဖမ်းဝရမ်းထုတ်တာရယ်၊ အာဖဂန်နစ္စတန်က အမေရိကန်စစ်သားတွေကို စုံစမ်းဖို့ ခွင့်ပြုလိုက်တာရယ်ကြောင့် ICC ကို ပိတ်ဆို့အရေးယူထားပါတယ်။ ICC ကတော့ ထရမ့်ပ်ရဲ့ အမိန့်ကို ပယ်ချလိုက်ပြီး အမေရိကန်က သူတို့ရဲ့ “လွတ်လပ်ပြီး ဘက်လိုက်မှုမရှိတဲ့ တရားစီရင်ရေးလုပ်ငန်း” ကို ထိခိုက်အောင် လုပ်နေတယ်လို့ စွပ်စွဲပါတယ်။ ICC ရဲ့ အကျပ်အတည်းကို ပိုဆိုးစေတာကတော့ ရှေ့နေချုပ် ကာရင်ခန်း ကိုယ်တိုင် လိင်ပိုင်းဆိုင်ရာ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်တွေ (သက်သေမပြနိုင်သေးပေမဲ့) ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနှစ်တုန်းကတော့ ကာရင်ခန်းက “ရက်သတ္တပတ် (သို့) လပိုင်းအတွင်း” နောက်ထပ် ဖမ်းဝရမ်းတွေ ထပ်လာမယ်လို့ ပြောခဲ့ဖူးပါတယ်။ ဖမ်းဝရမ်းတွေကို အခုချက်ချင်းထုတ်ဖို့ လိုနေပါပြီ။ အကြောင်းကတော့ မင်းအောင်လှိုင်နဲ့ သူ့အပေါင်းအပါတွေဟာ ရွေးကောက်ပွဲလုပ်ပြီး စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်လုပ်ဆောင်နေလို့ ဖြစ်ပါတယ်။

စစ်ကောင်စီက “ရွေးကောက်ပွဲ တားဆီးကာကွယ်ရေး ဥပဒေ” သစ်ကို သုံးပြီး နိုင်ငံရေးပါတီတွေကို ပိတ်ပင်တာ၊ နှုတ်ပိတ်တာတွေ လုပ်နေသလို ဒီမိုကရေစီ နိုင်ငံရေးသမားတွေနဲ့ ထောက်ခံသူတွေကို ထောင်ချ၊ နှိပ်စက်၊ သတ်ဖြတ်တာတွေလည်း ပြုလုပ်နေပါတယ်။

ရှင်းရှင်းပြောရရင် မင်းအောင်လှိုင်က သူ့ရဲ့ တရားမဝင်အုပ်ချုပ်မှုကို တရားဝင်ဖြစ်အောင် ရွေးကောက်ပွဲလုပ်ဖို့ စီစဉ်နေတာပါ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဆိုတဲ့ နာမည်ကို  ကိုလည်း ဖျက်သိမ်းလိုက်ပြီးနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဆိုပြီး ပြောင်းခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေ အရပ်ဝတ်လဲလိုက်ရုံနဲ့ ဘယ်သူကမှ တရားဝင်ဖြစ်ပါတယ်လို့ ယုံကြည်ကြမှာ မဟုတ်ပါဘူး။ အထူးသဖြင့် ၂၀၂၁ စစ်အာဏာသိမ်းပြီး ကတည်းက တော်လှန်ရေးလုပ်နေကြတဲ့ ပြည်တွင်းက လူထုကို လိမ်လို့ရမှာ မဟုတ်ပါဘူး။

အဓိက တိုက်ပွဲဖြစ်နေတဲ့ နယ်မြေက ရိုဟင်ဂျာတွေရဲ့ နေရပ်ဖြစ်တဲ့ ရခိုင်ပြည်နယ်မှာပါ။ အဲဒီမှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က နယ်မြေအများစုကို ထိန်းချုပ်ထားပါတယ်။ မြေပြင်က ခိုင်လုံတဲ့သတင်းတွေအရ ဒီနှစ် ဇန်နဝါရီကနေ စက်တင်ဘာလအတွင်းမှာ မြန်မာလေတပ်နဲ့ ရေတပ်က AA ထိန်းချုပ်မြို့နယ် ၁၀ မြို့နယ်ကျော်ကို ဗုံးကြဲတာ၊ တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ၅ လအတွင်းမှာပဲ အရပ်သားသေဆုံးမှု ၁၈၀ ကျော် ရှိခဲ့တယ်လို့ ဒေသခံအဖွဲ့တွေက မှတ်တမ်းတင်ထားပါတယ်။

ပြည်ပရောက် ရိုဟင်ဂျာအဖွဲ့တချို့ကတော့ AA ဟာ စစ်ကောင်စီရဲ့ နည်းလမ်းတွေအတိုင်း အရပ်သားတွေကို အတင်းအဓမ္မ စစ်သားစုဆောင်းတာ၊ အတိုက်အခံတွေကို သတ်ဖြတ်တာတွေ လုပ်တယ်လို့ စွပ်စွဲကြပါတယ်။

ဒါပေမဲ့ ယုံကြည်စိတ်ချရတဲ့ နိုင်ငံဖြတ်ကျော်မှုဆိုင်ရာ အင်စတီကျု (Transnational Institute - TNI) ရဲ့ အစီရင်ခံစာသစ်ကတော့ အဲဒီအမြင်ကို ပြန်ချေပထားပြီး ပိုပြီး သိမ်မွေ့နက်နဲတဲ့ အခြေအနေမှန်ကို ဖော်ပြထားပါတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိဖို့နဲ့ လူမျိုးအားလုံးကို ကာကွယ်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

TNI အဆိုအရ ULA နဲ့ AA ဟာ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်၊ ဥပဒေရေးရာ၊ နည်းပညာနဲ့ မီဒီယာကဏ္ဍတွေမှာ အုပ်ချုပ်ရေးယန္တရားတွေ တည်ဆောက်ထားပါတယ်။ “ဒီတိုးတက်မှုတွေကြောင့် ကျန်ရှိနေသေးတဲ့ စစ်ကောင်စီထိန်းချုပ်ရာ မြို့ ၃ မြို့နဲ့ ULA ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၄ ခုကြားမှာ လူနေမှုဘဝနဲ့ အသက်မွေးဝမ်းကျောင်း အရည်အသွေး သိသိသာသာ ကွာခြားနေတယ်” လို့ TNI က ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ စက်တင်ဘာလ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက်ပိုင်း အနည်းဆုံး အရပ်သား ၆,၇၆၄ ယောက် သေဆုံးခဲ့ပြီး နိုင်ငံရေးအရ ဖမ်းဆီးခံရသူ ၂၉,၀၀၀ ကျော် ရှိခဲ့ပါတယ်။ ၂၀၂၄ ဧပြီနဲ့ ၂၀၂၅ မေလကြား သေဆုံးခဲ့ရတဲ့ အရပ်သား ထက်ဝက်လောက်က လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်ပါတယ်။ စာသင်ကျောင်းတွေ၊ ဈေးတွေ၊ နေအိမ်တွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ ဒုက္ခသည်စခန်းတွေ အပါအဝင် အရပ်သားပစ်မှတ်တွေကို တမင်တကာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြပါတယ်။ စစ်ရေးပစ်မှတ် မဟုတ်တာတွေကို ဖျက်ဆီးတာဟာ “စစ်ရာဇဝတ်မှု” ကျူးလွန်ရာရောက်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ဒါဆို ICC က ဘယ်ရောက်နေလဲ။ တရားရုံးရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ကြီးလေးတဲ့ နိုင်ငံတကာ ရာဇဝတ်မှုကြီး ၄ ခုထဲက ၃ ခုကို မြန်မာနိုင်ငံမှာ စစ်ကောင်စီက နေ့စဉ်ရက်ဆက် ကျူးလွန်နေတာပါ။ ICC တရားရုံးနဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) ဆီ သက်သေ အထောက်အထားတွေ ပေးခဲ့တဲ့ ထောင်ပေါင်းများစွာသော ဒုက္ခသည်တွေက တရားမျှတမှုကို တောင်းတနေကြပါတယ်။ တရားရုံးအနေနဲ့ သူတို့ကို ပစ်မထားသင့်ပါဘူး။

မြန်မာစစ်ကောင်စီ အာဏာစွန့်လွှတ်သွားဖို့ဆိုရင် ငွေ၊ လက်နက်နဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် ဒီ ၃ ခုကို ဖြတ်တောက်ရမယ်လို့ အားလုံးက သဘောတူကြပါတယ်။ ရုရှားနဲ့ တရုတ် ထောက်ခံနေသရွေ့ ပထမနှစ်ချက် (ငွေနဲ့ လက်နက်) ကတော့ အာမခံချက် ရှိနေဦးမှာပါ။ တတိယအချက်ဖြစ်တဲ့ “ပြစ်ဒဏ်ကင်းလွတ်ခွင့်” ကို ပြတ်ပြတ်သားသား အဆုံးသတ်ပေးဖို့ကတော့ ICC မှာ အခွင့်အလမ်းရော၊ လုပ်ပိုင်ခွင့်ပါ ရှိနေပါတယ်။ ဒါပေမဲ့ ICC က တကယ်လုပ်ပါ့မလား။

မလုပ်ဘူးဆိုရင်တော့ ICC ဟာ ဒီအကြမ်းဖက်မှုတွေကို ၆ နှစ်ကျော်ကြာ စုံစမ်းစစ်ဆေးနေတာကို စောင့်ကြည့်နေရတဲ့ မြန်မာပြည်သူတွေအတွက် ဘာမှ အသုံးမဝင်တော့တဲ့ အဖွဲ့အစည်း ဖြစ်သွားပါလိမ့်မယ်။ သူတို့ ဘယ်လောက်ကြာကြာ ထပ်စောင့်ရဦးမှာလဲ။

ခရစ္စတိုဖာဂန်းနက်စ်

Ref: The  Independent 

(ယူကေအခြေစိုက် The  Independent သတင်းစာဝက်ဘ်ဆိုက်တွင် ဆောင်းပါးရှင် Christopher Gunness ရေးသားထားသည့် “What's the point of the ICC if it won't give Myanmar justice?” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။ Christopher Gunness သည် Myanmar Accountability Project ရဲ့ ဒါရိုက်တာ ဖြစ်သည်။)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013