
နေပြည်တော်မှာ ဆေးကုသမှုခံယူနေတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ခေါင်းဆောင် ဦးအောင်ခမ်းထီကို ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက် မနက်မှာ စစ်ခေါင်းဆောင်က စစ်ဘက်သုံးရဟတ်ယာဥ်နဲ့ ပအိုဝ်းဒေသကို ပြန်ပို့ပေးခဲ့တယ်လို့ နေပြည်တော်သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
“ဒီဇင်ဘာလကတည်းက နေပြည်တော်မှာ ဆေးကုနေတာ။ မနေ့က ဒုချုပ် ရပ်စောက်ကို ရောက်လာတော့ PNO အကြီးအကဲတွေက တင်ပြလို့ ဒီနေ့ မနက်ဘဲ ဦးအောင်ခမ်းထီကို စစ်တပ်က လေယာဥ်နဲ့ပြန်လိုက်ပို့ပေးတာ။”
ဦးအောင်ခမ်းထီရဲ့ ဦးဆောင်မှုအောက်မှာရှိနေတဲ့ PNO အဖွဲ့ဟာ ပအိုဝ်းဒေသဖြစ်တဲ့ ပင်လောင်းမြို့နယ်အတွင်း လူအစုလိုက်အပြုံလိုက်ဖြတ်မှုတွေ ရှိခဲ့ပြီး အဆိုပါကိစ္စရပ်တွေကို KA နဲ့ KNDF ကို အပြစ်ပုံချတာတွေလည်း ရှိတာကြောင့် ယုံကြည်မှုမရှိကြောင်း ဒေသခံတယောက်က DVB ကို ပြောပါတယ်။
ဖေဖော်ဝါရီ ၂၃ ရက်က အရှေပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒုစစ်ခေါင်းဆောင် ရောက်ရှိချိန် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ကျားဖြန့်တွေ ဝင်ရေေက်မှု မရှိစေရေနဲ့ မူးယစ်ဆေးဝါးကိစ္စတွေ ဆွေးနွေးခဲ့ပြီး PNO ဘက်က လက်နက်တွေ ထပ်မံတပ်ဆင်ပေးဖို့ တောင်းဆိုတာတွေရှိတယ်လို့ ပြည်သူ့စစ်ဌာနေ နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် အထူးဒေသ ၆ ဖြစ်တဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဦးအောင်ခမ်းထီ လမ်းညွှန်ချက်နဲ့ စစ်သင်တန်းပေးခဲ့ရာ ပြည်သူ့စစ်အင်အား ၃ သောင်းကျော်ရှိပြီး စစ်ကောင်စီဘက်က လက်နက် ၄ ကြိမ်တိုင် ထောက်ပံ့ပေးခဲ့ပါတယ်။


