
နိုင်ငံတကာက အသိအမှတ်မပြုတဲ့ အတုအယောင်ရွေးကောက်ပွဲမှာ အပြတ်အသတ်နိုင်တဲ့ စစ်တပ် ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီဟာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာမယ်လို့ ပါတီတွင်း သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ဒီနေရာဟာ သမ္မတရွေးချယ်ရေး၊ ဥပဒေပြုရေးနဲ့ ဘတ်ဂျက်အတည်ပြုရေးတွေကို ကြီးကြပ်ရမှာဖြစ်လို့ လုပ်ပိုင်ခွင့် အရှိဆုံးရာထူးတခု ဖြစ်ပါတယ်။
သမ္မတမဖြစ်နိုင်ရင်တောင် လွှတ်တော်ဥက္ကဋ္ဌ နေရာဟာ လုပ်ပိုင်ခွင့်အာဏာ အများဆုံးသုံးနိုင်တဲ့ နေရာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုထင်ကျော်အေးက ရိုက်တာကို ပြောပါတယ်။
ဦးခင်ရီကလည်း “သေချာတာကတော့ လွှတ်တော်တရပ်ရပ်ရဲ့ ဥပဒေပြုရေးကဏ္ဍတွေကို ဦးဆောင်ရမယ်လို့ ထင်ပါတယ်”လို့ ပါတီအစည်းအဝေးတခုမှာ ပြောဆိုခဲ့ကြောင်း သတင်းရင်းမြစ်တခုကို ကိုးကားပြောဆိုထားပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နီးစပ်တဲ့ အငြိမ်းစားစစ်ဗိုလ်ချုပ်တွေကတော့ ဒုတိယသမ္မတတွေ ဖြစ်လာဖို့ရှိနေပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဆိုတဲ့ အဖွဲ့သစ်ကနေ စစ်တပ်ကို ဆက်လက်ထိန်းချုပ်ထားရင်း သမ္မတ ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
စစ်တပ်က ၂၅ ရာခိုင်နှုန်းယူထားတဲ့ လွှတ်တော်မှာ ကြံ့ခိုင်ရေးပါတီက အမတ်နေရာ ၈၁ ရာခိုင်နှုန်းကို အနိုင်ရထားတာပါ။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းနဲ့ အခုနှစ်စပိုင်းမှာ ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲ ကျင်းပခဲ့ပြီးနောက် အာဏာသိမ်းစစ်ကောင်စီဟာ လာမဲ့မတ်လတတိယပတ်မှာ လွှတ်တော်သစ် ခေါ်ယူပြီးနောက် အစိုးရသစ်ကို တရားဝင် အာဏာလွှဲပြောင်းပေးသွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
Source: Reuters


