
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ တိုင်းပြည်အာဏာကို သိမ်းယူခဲ့ပြီး တာဝန်ယူခဲ့တဲ့ ၅ နှစ်တာကာလအတွင်းမှာ ထင်သာမြင်သာရှိတဲ့ တိုးတက်မှုတွေရအောင် ဆောင်ရွက်ပေးခဲ့တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
မတ် ၆ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၂၆) အစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလိုပြောကြားလိုက်တာ ဖြစ်ပြီး လာမဲ့ ဘဏ္ဍာနှစ်မှာ စီးပွားရေးတိုးတက်မှုနှုန်း ၃ ဒသမ ၄ ရာခိုင်နှုန်းရဖို့ မျှော်မှန်းတယ်လို့လည်း ဆိုပါတယ်။
စစ်အာဏာသိမ်း ၅ နှစ်တာကာလအတွင်းမှာ လမ်းပန်းဆက်သွယ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မြို့ရွာတွေ သန့်ရှင်းလှပရေး၊ မြို့ပြအင်္ဂါရပ်တွေနဲ့ ညီညွတ်ရေး၊ စွန့်ပစ်အမှိုက် စနစ်တကျ စီမံခန့်ခွဲနိုင်ရေး စတဲ့ နယ်ပယ်တွေမှာ ထင်သာမြင်သာတဲ့ တိုးတက်မှုတွေ ရှိအောင် ဆောင်ရွက်ပေးခဲ့နိုင်တယ်လို့ ဆိုပါတယ်။
စီးပွားရေး နဲ့ ပတ်သက်ပြီးတော့လည်း အသေးစားနဲ့ အလတ်စား SMEs လုပ်ငန်းတွေအတွက် လိုအပ်တဲ့နည်းပညာနဲ့ ငွေကြေးပံ့ပိုးတာတွေ ဖြည့်ဆည်းပေးခဲ့တယ်လို့ ပြောပါတယ်။
ဒါ့အပြင် မကြာခင် ရက်ပိုင်းတွင်း တာဝန်ယူမဲ့ အစိုးရသစ်အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးအတွက် ပြည်ထောင်စု အရအသုံး ခန့်မှန်းခြေငွေစာရင်းနဲ့ ပြည်ထောင်စု ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် ပြည်တွင်းအသားတင်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုး (GDP) ကို ကျပ် ၁၉၅၀၃၂ ဘီလီယံနဲ့ စီးပွားရေးတိုးတက်မှုနှုန်းကိုလည်း ၃ ဒသမ ၄ ရာခိုင်နှုန်းရဖို့ မျှော်မှန်းထားတယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။
လာမဲ့ အစိုးရအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု အရအသုံးခန့်မှန်းခြေငွေစာရင်းကို ရငွေလျာထားချက်၊ အသုံးစရိတ်၊ သာမန်အသုံးစရိတ်၊ ငွေလုံးငွေရင်းအသုံးစရိတ်၊ ကြွေးမြီအသုံးစရိတ်တွေကို စနစ်တကျ ခွင့်ပြုပေးထားကြောင်း၊ ကြိုတင်မမျှော်မှန်းနိုင်တဲ့ ကိစ္စတွေနဲ့ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်လာမဲ့ ကိစ္စတွေ၊ နိုင်ငံ့ဝန်ထမ်းတွေအတွက် ထောက်ပံ့ကြေး ချီးမြှင့်တာ၊ နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အသုံးစရိတ်တွေကိုလည်း လျာထားပြီးဖြစ်တယ်လို့ သိရပါတယ်။
တိုးတက်မှုတွေ ရှိတယ်လို့ စစ်ခေါင်းဆောင်က ပြောနေပေမဲ့ အာဏာသိမ်း ၅ နှစ်အတွင်းမှာ တိုင်းပြည်ရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အခြေအနေတွေကလည်း ဘက်ဘက်က အဆိုးရွားဆုံး ပျက်စီးမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပြီး မြန်မာကျပ်ငွေ တန်ဖိုးစံချိန်တင် ကျဆင်းခဲ့ကာ ငွေကြေးဖောင်းပွမှုနှုန်းနဲ့ ကုန်ဈေးနှုန်းတွေလည်းအဆင်မတန်မြင့်တက်ခဲ့တာဖြစ်ပါတယ်။


