Home
နိုင်ငံတကာ
အီရန် အာဇာနည်တိုင်းအတွက် သွေးကြွေးဆပ်မည်ဟု ခေါင်းဆောင်သစ် ခါမေနီ ကြုံးဝါး
DVB
·
March 13, 2026
Photo: IRINN

အီရန်နိုင်ငံရဲ့ အဓိပတိအသစ် မို့ဂျ်တာဘာ ခါမေနီက ရန်သူ့လက်ချက်နဲ့ ကျဆုံးသွားရတဲ့ သူ့ရဲ့ဖခင်ဖြစ်သူ အယာတိုလာ အလီခါမေနီနဲ့ အီရန်နိုင်ငံသား အာဇာနည်တွေရဲ့ သွေးစက်တိုင်းအတွက် လက်စားချေသွားမယ်လို့ ပြောကြားခဲ့ကြောင်း အီရန်အစိုးရရုပ်သံမှာ ထုတ်လွှင့်သွားပါတယ်။

ဒါ့အပြင် ဟော်မုဇ်ရေလက်ကြားကို ပိတ်ချပစ်ပြီး အမေရိကန် အခြေစိုက်စခန်းတွေကို တိုက်ခိုက်သွားမှာ ဖြစ်ကြောင်းလည်း မတ် ၁၂ ရက်က နိုင်ငံပိုင်ရုပ်မြင်သံကြားမှာ ဖတ်ကြားသွားပါတယ်။

မိန့်ခွန်းထဲမှာ အီရန်ခေါင်းဆောင်သစ် မို့ဂျ်တာဘာက သူတို့ရဲ့ တော်လှန်ရေးခေါင်းဆောင်ကြီး သာမက ရန်သူ့လက်ချက်ကြောင့် သေဆုံးခဲ့ရတဲ့ နိုင်ငံသားတိုင်းအတွက် သွေးကြွေးပြန်ယူမှာဖြစ်ကြောင်း၊ အီရန်ရဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် ရန်သူနိုင်ငံတွေက လျော်ကြေးပေးဖို့ တောင်းဆိုမှာဖြစ်ပြီး ငြင်းဆန်ပါက လိုအပ်ရင် ရန်သူ့ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းတာ ဒါမှမဟုတ် ဖျက်ဆီးတာမျိုးတွေအထိ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အီရန်နဲ့ ကုန်းမြေနဲ့ ပင်လယ်တွေမှာ နယ်နိမိတ်ထိစပ်နေတဲ့ အိမ်နီးချင်း ၁၅ နိုင်ငံအနေနဲ့လည်း သူတို့နယ်မြေအတွင်းရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်း အားလုံးကို အမြန်ဆုံး ပိတ်သိမ်းဖို့ တိုက်တွန်းထားပြီး အဲဒီစခန်းတွေကို အီရန်ဘက်က ဆက်လက်တိုက်ခိုက်သွားမယ်လို့ သတိပေးခဲ့ပါတယ်။

ကမ္ဘာ့ရေနံတင်ပို့မှု ၅ ပုံ ၁ ပုံလောက်ရှိတဲ့ ဟော်မုဇ်ရေလက်ကြားကိုလည်း ရန်သူကို ဖိအားပေးတဲ့အနေနဲ့ ဆက်လက်ပိတ်ထားမယ်လို့ ခါမေနီက အတည်ပြုခဲ့ပါတယ်။

မို့ဂျ်တာဘာ ခါမေနီက အီရန်ဟာ ဒေသအတွင်း အာဏာချုပ်ကိုင်ဖို့ သို့မဟုတ် ကိုလိုနီအုပ်ချုပ်ဖို့ မရည်ရွယ်ထားဘဲ အိမ်နီးချင်းနိုင်ငံတွေနဲ့ နွေးထွေးတဲ့ဆက်ဆံရေး တည်ဆောက်ဖို့ အသင့်ရှိတယ်လို့လည်း ပြောပါတယ်။

အဓိပတိအသစ် မို့ဂျ်တာဘာ ခါမေနီဟာ သူ့ရဲ့ ပထမဆုံးမိန့်ခွန်းကို ဗီဒီယိုနဲ့ ကိုယ်တိုင် ထွက်မပြောဘဲ သတင်းတင်ဆက်သူကတဆင့် ဘာကြောင့် ဖတ်ကြားခိုင်းရသလဲ ဆိုတာကိုတော့ အီရန်အစိုးရဘက်က မရှင်းပြထားပါဘူး။

သူ့ဖခင် အဓိပတိခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ သေဆုံးပြီးကတည်းက သူ့ရဲ့ရုပ်ပုံလွှာကို အများပြည်သူဆီ ထုတ်ပြန်ပြသခြင်း မရှိသေးပါဘူး။

ဖေဖော်ဝါရီလကုန်ပိုင်းက အမေရိကန်နဲ့ အစ္စရေးတို့က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ စတင်ခဲ့တဲ့ စစ်ပွဲကြောင့် လက်ရှိအချိန်ထိ လူ ၂,၀၀၀ လောက် သေဆုံးထားပါတယ်။

စစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ထောက်ပံ့ရေးစနစ်မှာ သမိုင်းတလျှောက် အကြီးမားဆုံး အနှောင့်အယှက် ဖြစ်ပေါ်နေတယ်လို့ နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) က ပြောပါတယ်။

အီရန်ရဲ့ ဒရုန်းတွေဟာ မတ် ၁၂ ရက်မှာ ကူဝိတ်၊ အီရတ်၊ ယူအေအီး၊ ဘာရိန်းနဲ့ အိုမန်နိုင်ငံတွေဘက်ကို ပျံသန်းဝင်ရောက်ခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

တဖက်မှာလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရေနံစျေးနှုန်း တက်လာမှုဟာ အချိန်တိုအတွင်းပဲ ဖြစ်မယ်လို့ ပြောပြီး စွမ်းအင်ဈေးကွက်ကို တည်ငြိမ်စေဖို့ ကြိုးစားနေပါတယ်။

ဒါပေမဲ့ ဒီစစ်ပွဲကို ဘယ်လိုအဆုံးသတ်မယ် ဆိုတာနဲ့ ပိတ်ထားတဲ့ ဟော်မုဇ် ရေလမ်းကြောင်းကို ဘယ်လိုပြန်ဖွင့်မယ်ဆိုတဲ့ အစီအစဉ်ကိုတော့ ရှင်းပြထားခြင်း မရှိသေးပါဘူး။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013