
အီရန်အဓိပတိခေါင်းဆောင်သစ် မို့ဂျ်တာဘာ ခါမေနီရဲ့ ပထမဆုံး ကြေညာချက်မှာ အမေရိကန်စစ်စခန်းတွေ ပိတ်သိမ်းဖို့ ဒေသတွင်းနိုင်ငံတွေကို တောင်းဆိုလိုက်ပြီး ဟောမုဇ်ရေလက်ကြားကိုလည်း ဆက်ပိတ်ထားမယ်လို့ ပြောပါတယ်။
ဖခင်ဖြစ်သူ လုပ်ကြံခံရအပြီး မတ် ၈ ရက်မှာ ခေါင်းဆောင်သစ်ဖြစ်လာတဲ့ ခါမေနီဟာ လူလုံးထွက်မပြဘဲ ရုပ်သံကြေညာသူကတဆင့် သတင်းစကားပါးခဲ့တာပါ။
အိမ်နီးချင်းနိုင်ငံတွေဆီက အမေရိကန်စစ်စခန်းတွေကို အမြန်ဆုံးပိတ်သိမ်းဖို့ သူက သတိပေးခဲ့သလို အီရန်ပြည်သူတွေအတွက် သွေးကြွေးဆပ်သွားမယ်လို့လည်း ဆိုပါတယ်။
ပဋိပက္ခ ၁၄ ရက်မြောက် ရှိလာချိန်မှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က “အီရန်နဲ့ဖြစ်နေတဲ့ စစ်ပွဲဟာ ကောင်းကောင်းကြီး ရှေ့ဆက်နေပါတယ်” လို့ အိမ်ဖြူတော် အခမ်းအနားတခုမှာ ပြောကြားခဲ့ပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ကလည်း ခေါင်းဆောင်သစ် သား ခါမေနီဟာ လူလုံးမပြရဲတဲ့ ရုပ်သေးရုပ်သာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
ရေနံတင်သင်္ဘောတွေ ဖြတ်သန်းရာ ဟောမုဇ်ရေလက်ကြားကို အီရန်က ဆက်ပိတ်ထားတာကြောင့် ကမ္ဘာ့ရေနံဈေးကွက်မှာ သမိုင်းတလျှောက် အကြီးမားဆုံး ရေနံထောက်ပံ့မှု ပြတ်တောက်မှုကြီးနဲ့ ရင်ဆိုင်နေရတယ်လို့ နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) က သတိပေးထားပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်ကတည်းက စတင်ခဲ့တဲ့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန်နိုင်ငံမှာ လူဦးရေ ၃ ဒသမ ၂ သန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်ထားပါတယ်။
Source: Reuters


