
ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပွဲစဉ်အဖြစ် ဒီနေ့မနက်အစောပိုင်းမှာ ဂရိကလပ် ပန်နယ်သီယာကို့စ်နဲ့ စပိန်ကလပ် ရီးရဲလ်ဘက်တစ်အသင်းတို့ ကစားခဲ့ရာမှာ ပန်နယ်သီယာကို့စ်အသင်းက တဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ပွဲအစကတည်းက ရီးရဲလ်ဘက်တစ်တို့ ဖိကစားပြီး ဂိုးသွင်းဖို့ ကြိုးစားခဲ့ပေမဲ့ တိုက်စစ်မှူး ဟာနန်ဒက်စ်ရဲ့ ခေါင်းတိုက်ချက်တွေ ကန်ချက်တွေကို ပန်နယ်သီယာကို့စ်ဂိုးသမား ကာကွယ်နိုင်ခဲ့တာပါ။
ဒုတိယပိုင်း ပွဲကစားချိန် ၅၉ မိနစ်မှာတော့ ဘက်တစ်တောင်ပံကစားသမား အန်ဇယ်လ်ဇူးရီ ဘောလုံးဆွဲပြေးတာကို ပန်နယ်သီယာကို့စ် ကွင်းလယ်လူ အန်နက်ဇာရိုရီ ဖျက်ထုတ်တာ ကြမ်းတယ်ဆိုပြီး နှစ်ဝါတနီနဲ့ အထုတ်ခံခဲ့ရပါတယ်။
အဲဒီနောက် ဘက်တစ်တို့ ဖိကစားခဲ့ပေမဲ့ ဂိုးပေါက်မတည့်တာ၊ ပန်နယ်သီယာကို့စ် ဂိုးသမား လက်စွမ်းပြ ကာကွယ်တာတွေကြောင့် ဂိုးမရခဲ့ပါဘူး။
ပွဲချိန် ၈၆ မိနစ်မှာတော့ ပန်နယ်သီယာကို့စ် တန်ပြန်တိုက်စစ်ကို ဟန့်တားရာမှာ ကြမ်းတမ်းလို့ဆိုပြီး ဘက်တစ်နောက်ခံလူ လော်ရန်တေး နှစ်ဝါတနီနဲ့ အထုတ်ခံရသလို ပင်နယ်တီလည်း ပေးလိုက်ရပါတယ်။
အဲဒီပင်နယ်တီကို တာဘော်ဒါက အမှားအယွင်းမရှိ ကန်သွင်းပြီး ပန်နယ်သီယာကို့စ်အတွက် အနိုင်ဂိုးရယူသွားခဲ့တာ ဖြစ်ပါတယ်။
ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ကိုတော့ မတ် ၁၈ ရက်နဲ့ ၂၀ ရက်တွေမှာ ကစားကြမှာ ဖြစ်ပါတယ်။


