
ဒီနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်ကလပ် ရီးရဲလ်ဘက်တစ်နဲ့ ပရီးမီးယားလိဂ် ကလပ် နော်တင်ဟမ်ဖောရက်စ်တို့ရဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ တဖက် ၂ ဂိုးစီနဲ့ သရေကျသွားပါတယ်။
ဘက်တစ်အတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၁၅ မိနစ်မှာ အန်တိုနီရဲ့ ပေးပို့မှုကနေ တိုက်စစ်မှူး ဘက်ကမ်ဘူက သွင်းယူပေးခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီဦးဆောင်ဂိုးဟာ သိပ်ကြာကြာမခံလိုက်ဘဲ ၃ မိနစ်အတွင်း ချေပဂိုး ပြန်ပေးလိုက်ရပါတယ်။
ဖောရက်စ်အတွက် ချေပဂိုးကို ပွဲချိန် ၁၈ မိနစ်မှာ ဂျီးဆပ်က သွင်းယူခဲ့တာဖြစ်ပြီး နောက် ၅ မိနစ်အကြာ ပွဲချိန် ၂၃ မိနစ်မှာလည်း ဂျီးဆပ်ကပဲ ဖောရက်စ်အတွက် နောက်တဂိုးထပ်သွင်းပြီး ပွဲကို ဦးဆောင်စေခဲ့ပါတယ်။
ပွဲစဉ်တလျှောက် နော်တင်ဟမ်ဖောရက်စ်အသင်းက ဖိကစားခဲ့ပေမဲ့ အဆုံးသတ် မသေချာတာကြောင့် နောက်ထပ်ဂိုးတွေ ထပ်မရခဲ့တာပါ။
ပွဲကစားချိန် ၈၅ မိနစ်မှာတော့ ပထမဂိုးကို ဖန်တီးပေးခဲ့တဲ့ အန်တိုနီက ဘက်တစ်အတွက် ချေပဂိုးကို ဖြတ်တင်ဘောကတဆင့် သွင်းယူခဲ့တဲ့အတွက် ပွဲပြီးချိန်မှာ တဖက် ၂ ဂိုးစီ သရေကျသွားပါတယ်။


