
ဒလ-ဆူးလေ ပြေးဆွဲနေတဲ့ YBS ဘတ်စ်ကားယာဥ်လိုင်းမှာ လူသေမှုဖြစ်ပြီးတဲ့နောက် ကြမ်းခင်းပေါက်ပြဲနေတဲ့ ကားတွေကို ပြင်ဆင်ဖို့ တင်းကျပ်ထားပြီး ဖာထေးပြုပြင်ထားတဲ့ ယာဥ်တွေ ပြီးစီးပါက ယာဥ်အစီးရေ တိုးချဲ့သွားမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်က ဒလဘက်အခြမ်း တံတားအဆင်းမှာ YBS ယာဥ်ပေါ်ကနေ ကလေးငယ်တယောက် ပြုတ်ကျသေဆုံးခဲ့ပါတယ်။
ဒါကြောင့် ယာဥ်ကြံ့ခိုင်မှုစစ်ဆေးရေး လုပ်ငန်းတွေကို စည်းကမ်းတင်းကျပ်ထားတယ်လို့ ဒလ-ဆူးလေ ပြေးဆွဲနေတဲ့ ယာဥ်မောင်းတယောက်က ပြောပါတယ်။
“ပေါ်လစီက မပြောင်းဘူး။ နံပါတ်လေးတော့ ခွာလိုက်တယ်။ ယာဥ်လိုင်းနံပါတ်လေး ခွာလိုက်တယ်။ တခြားပေါ်လစီ ပြောင်းတာတော့ မရှိပါဘူး။ YRTC က အားလုံးစစ်ပြီးမှ ထွက်ရတယ်။ ရန်ကုန်တိုင်းဒေသကြီး YRTC က အကုန်စစ်တယ်။ စစ်ပြီးခါမှ ထွက်ခိုင်းပါတယ်။ ဒီတိုင်း ထွက်လို့မရပါဘူး။”
ဒလ-ဆူးလေ ယာဥ်လိုင်းဟာ ရန်ကုန်ဘက်အခြမ်းမှာ ဆူးလေဘုရားရှေ့ ၈၇၊ ၁၀၈ ဂိတ်အနီးမှာ ဂိတ်စဖြစ်ပြီး အဲဒီကနေ အနော်ရထာလမ်းအတိုင်း ပြေးဆွဲကာ ရွှေတိဂုံဘုရားလမ်း၊ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ရှေ့ကနေ ဗိုလ်ချုပ်လမ်းအတိုင်း ဆက်လက်မောင်းနှင်ပြီး ပြည်လမ်းကို ရောက်တဲ့အခါ ဘုန်းကြီးလမ်းဘက်ကွေ့ပြီး တံတားပေါ် ဖြတ်သန်းမောင်းနှင်တာ ဖြစ်ပါတယ်။
အဲဒီနောက် တံတားချဉ်းကပ်လမ်းအတိုင်း တောက်လျှောက်ဆင်းသွားပြီး ဒလဘက်ခြမ်း ရောက်တဲ့အခါ ဆယ်အိမ်တန်းကမ်းခြေသွားရာလမ်းပေါ်ရှိ ဒလမြို့နယ်ဆိုင်းဘုတ်အနီးမှာ ဂိတ်သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ဒလဘက်အခြမ်းမှာတော့ ဂိတ် ၂ ခု သတ်မှတ်ထားပြီး စည်ပင်ဝန်ထမ်းအိမ်ရာ အနီးမှာလည်း ဂိတ် သတ်မှတ်ထားပါတယ်။
ဒလဘက်အခြမ်းကနေ ရန်ကုန်ဘက်ပြန်ရာမှာတော့ အရေးပေါ်ရှေ့ကနေ ကမ်းနားလမ်းအတိုင်း ဆင်းသွားပြီး ဆူးလေဘုရားလမ်းက တဆင့် ဘုရားရှေ့မှာ ဂိတ်ပြန်ထိုးတာ ဖြစ်ပါတယ်။
ဒလမြို့နယ်ကနေ ရန်ကုန်ဘက်အခြမ်းကို အလုပ်ပုံမှန်ဆင်းနေသူတယောက်က YBS ယာဉ်ပြေးဆွဲပေးနေတဲ့အတွက် ကယ်ရီခသက်သာသွားပြီး အခုထက်ပိုပြီး ယာဥ်အစီးရေ တိုးချဲ့ပေးနိုင်ရင် ပိုပြီး အဆင်ပြေမှာဖြစ်တယ်လို့ ဆိုပါတယ်။
“ဘယ်လိုပြောရမလဲ၊ ကားက တော်တော်ကြာတယ်။ သူ့ကိုပဲ အချိန်ပေးရတာ နာရီဝက်လောက် ဖြစ်နေတယ်။ ဆယ်မိနစ်တခါတို့ ၁၅ မိနစ်တခါတို့ အဲလိုဆို ပိုအဆင်ပြေတယ်။ အခုက တခါတလေ ကျရင် တနာရီလောက် ကြာတယ်၊ တခါတလေကျရင် နာရီဝက်လောက် စောင့်ရတယ်။ ခုပဲ ရောက်နေတာ ကြာလှပြီ။”
ဒလ-ဆူးလေ YBS ကားပေါ်မှာ လူသေမှုဖြစ်ပြီးတဲ့နောက် တခြား YBS ယာဉ်လိုင်းတွေကိုလည်း ယာဉ်ကြံ့ခိုင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ဖို့ စည်းကမ်းတင်းကျပ်ထားတယ်လို့ ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းကနေ သာကေတမြို့နယ်အထိ ပြေးဆွဲနေတဲ့ အမှတ် ၈၉ ယာဥ်လိုင်းက တာဝန်ရှိသူက ပြောပါတယ်။
“ကျနော်တို့ကုမ္ပဏီကတော့ အဲဒီမှာ အကောင်းဆုံးဖြစ်အောင် ပြင်ဖို့တော့ ပြောထားတယ်။ ပြင်ခိုင်းနေပါတယ်။ ပြင်ပြီးပါပြီ။ တော်တော်များများ ပြီးနေပါပြီ။ စည်းကမ်းတွေကတော့ အရမ်းတော့ တင်းကျပ်ထားတယ်။ အခုက အကုန်လုံး အစစအရာရာပဲ၊ ကားပိုင်းဆိုင်ရာ ဆိုရင်လည်း မီးသတ်ဘူး အစစအရာရာ ပြည့်စုံမှ ထွက်ခွင့်ပေးတာ။”
လတ်တလော ဒလ-ဆူးလေ YBS ကားတွေကို မနက် ၆ နာရီကနေ ညနေ ၆ နာရီခွဲအထိ ပြေးဆွဲနေပြီး ယာဉ်အစီးရေ ၁၅ စီးနဲ့ မနက်စောစော ၇ မိနစ်၊ ၁၀ မိနစ်နဲ့ နေ့လယ် ခရီးသည်ပါးချိန်မှာ ၁၅ မိနစ်ခြား တစီး ထွက်ပေးနေတာဖြစ်တယ်လို့ ဂိတ်တာဝန်ရှိသူတွေက ပြောပါတယ်။
ဟန်န


