
ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ YBS ကားတွေကို ရေဆေးပြီးမှ ဂိတ်ဖွင့်ပြေးဆွဲခွင့်ပေးဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ညွှန်ကြားထားတယ်လို့ ယာဉ်လိုင်းတာဝန်ရှိသူတွေဆီက သိရပါတယ်။
မြို့တော်အင်္ဂါရပ်နဲ့ညီအောင် ကားတွေရဲ့ခေါင်မိုးကိုပါရေဆေးဖို့နဲ့ ဆေးကွာနေတာရှိရင် ဆေးအမြန်သုတ်ဖို့ကိုပါ ညွှန်ကြားထားတာလို့ ဆိုပါတယ်။
ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီ(YBPC) ရဲ့ ယာဉ်လိုင်းတာဝန်ရှိသူတယောက်က “ညွှန်ကြားချက်ရှိလို့ဆိုပြီး ကားတွေကို သန့်ရှင်းရေး မဖြစ်မနေလုပ်ဖို့မှာထားတယ်။ ဆေးကွာနေတဲ့ကားတွေကို ပြန်ပြင်တာမျိုးလုပ်နေရတာရှိတယ်” လို့ ပြောပါတယ်။
ရန်ကုန်မြို့မှာ YBS ဘတ်စ်ကားစနစ်ကို ယာဉ်အသစ်တချို့နဲ့အစားထိုးပြီး ၂၀၁၇ ခုနှစ်က ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းရဲ့အစီအစဉ်နဲ့ ပြောင်းလဲပြေးဆွဲခဲ့တာဖြစ်ပါတယ်။
ယာဉ်ဟောင်းတွေအားလုံးကို ယာဉ်အသစ်တွေနဲ့ တဆင့်ချင်းအစားထိုးသွားမယ်လို့ ဦးဖြိုးမင်းသိန်းက ကြွေးကြော်ခဲ့ပေမဲ့ အကောင်အထည်မဖော်နိုင်ခဲ့တဲ့အပြင် အစားထိုးထားတဲ့ ကားတချို့လည်း ပျက်စီးယိုယွင်းလာတာဖြစ်ပါတယ်။
YBS ကိုပုံမှန်စီးနေတဲ့ ကုမ္ပဏီဝန်ထမ်းတယောက်က “အရင်က အဲလ်ကွန်းအေးစိမ့်နေတဲ့ ကားအသစ်က မှန်ဖွင့်မောင်းနေရတာ။ ဘဲလ်ခလုတ်တွေကသုံးမရတော့လို့ စက်ဘီးဘဲလ်တပ်ထားရတာမျိုးတွေနဲ့ တော်တော်ရုပ်ပျက်နေတာ” လို့ ပြောပါတယ်။
ရန်ကုန်မြို့မှာ နေ့စဉ် YBS ကားစီးရေ ၃,၅၀၀ နီးပါးပြေးဆွဲနေပြီး စီးနင်းသူ ၁၄ သိန်းနီးပါး ရှိတယ်လို့ ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)က ထုတ်ပြန်ထားပါတယ်။




