
ရန်ကုန်မြို့လယ်၊ ပန်းဆိုးတန်းလမ်းနဲ့ ကမ်းနားလမ်းထောင့်မှာ မေ ၁၉ ရက် နေ့လယ်ပိုင်းက ၁၉ နှစ်အရွယ် လူငယ်အမျိုးသားတယောက်ကို ခါးပိုက်နှိုက်တွေက အုပ်စုဖွဲ့ ဝိုင်းရိုက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အရိုက်ခံရတဲ့ အမျိုးသားဟာ YBS ကားစီးလာစဉ် ခါးပိုက်ိနှုက်တွေက သူ့ရဲ့ဖုန်းကို နှိုက်ယူရာက အချေအတင် ဖြစ်ခဲ့တာလို့ သိရပါတယ်။
ခါးပိုက်နှိုက်တွေက အဲဒီအမျိုးသားကို ကားပေါ်ကတွန်းချပြီး အုပ်စုဖွဲ့ ဝိုင်းရိုက်ခဲ့တာဖြစ်တယ်လို့ အနီးအနားက မျက်မြင်တွေ့ခဲ့သူတွေက ပြောပါတယ်။
မျက်မြင်တွေ့ခဲ့တဲ့ ဈေးသည်တယောက်က “ဦးလေး မြင်လိုက်တဲ့အချိန်မှာ YBS ၇၀ ကားပေါ်ကနေ အဲဒီလူငယ်လေးကို ဆွဲချပြီး ဝိုင်းရိုက်ကြတာ။ ဝင်ဆွဲမယ့်သူလည်း မရှိဘူး။ သူတို့က ၅ ယောက်အဖွဲ့။ ကောင်လေးက ဒဏ်ရာများတယ်။ ကောင်လေးကို စိတ်ကြိုက်ရိုက်ပြီး ထွက်သွားတာ။ အဲဒီတော့မှ ပရဟိတအဖွဲ့ကို ဖုန်းဆက်ပြီး ဆေးရုံပို့ပေးလိုက်ရတယ်” လို့ ပြောပါတယ်။
YBS ကားပေါ်တွေမှာ အုပ်စုဖွဲ့ ခါးပိုက်နှိုက်တဲ့ ဖြစ်စဉ်တွေဟာ မကြာခဏ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
တာဝန်ရှိတဲ့ YRTC ကို ခရီးသည်တွေအနေနဲ့ တိုင်ကြားခဲ့ပေမဲ့ တစုံတရာ ပြန်လည်ဖြေရှင်းခြင်း မပြုလုပ်ဘဲ မိမိပစ္စည်းကို သေချာဂရုစိုက်ဖို့ကိုသာ ပြန်လည်ဖြေကြားခဲ့တယ်လို့ ကိုယ်တွေ့ကြုံခဲ့ရသူတယောက်က ပြောပါတယ်။
ခါးပိုက်နှိုက်ဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး YRTC ကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။