Home
မြန်မာသတင်း
YBS ဘတ်စ်ကားမှတ်တိုင်များတွင် ခရီးသည်စုပြုံမှုမရှိရန် စစ်တမ်းကောက်နေ
DVB
·
October 22, 2025

ဘတ်စ်ကားမှတ်တိုင်တွေမှာ ခရီးသည်စုပြုံတာမျိုး မဖြစ်ရအောင် စီမံနိုင်အောင် အွန်လိုင်းစစ်တမ်း ကောက်နေပြီး ခရီးသွားတွေ ပါဝင်ဖြေပေးကြဖို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) က အသိပေးချက် ထုတ်ထားပါတယ်။

Rush Hour ဖြစ်တဲ့ ရုံးတက် ရုံးဆင်းချိန် မှတ်တိုင်တွေမှာ ခရီးသည်တွေ စောင့်ဆိုင်းရတဲ့ အခြေအနေ၊ YBS ယာဉ်လိုင်းတွေရဲ့ ယာဉ်စာရင်းနဲ့ ခရီးသည်တွေ စီးနင်းရတဲ့ အခြေအနေ အချက်အလက်တွေအပေါ် မူတည်ပြီး စီမံကွပ်ကဲတာတွေ လုပ်နိုင်အောင် စစ်တမ်းကောက်တာလို့ ဆိုပါတယ်။

ခရီးသည်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကောက်မှာမဟုတ်ဘဲ ပြင်ဆင်ဖို့ လိုအပ်တဲ့ အချက်အလက်တွေ ရနိုင်ဖို့အတွက် ကိုယ်တိုင်တွေ့ကြုံရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ထုတ်ပြန်ပေးထားတဲ့ Google Form ကနေ ဖြေပေးဖို့ကို YRTC က တောင်းဆိုထားပါတယ်။

YRTC က ကောက်တဲ့စစ်တမ်းမှာ စီးနင်းလေ့ရှိတဲ့ ယာဥ်အမျိုးအစား၊ စီးမယ့် YBS နံပါတ်၊ စစီးမယ့်မှတ်တိုင်နဲ့ ဆင်းမယ့်မှတ်တိုင်၊ လမ်းခရီးကြာချိန်၊ အလုပ်သွား/အလုပ်ပြန် ဘတ်စ်ကားစောင့်စီးတဲ့အချိန်၊ မှတ်တိုင်မှာ စောင့်ဆိုင်းရတဲ့ကြာချိန်၊ ကားစီးဖို့အတွက် အခက်ခဲဆုံးအချိန်၊ ကားအရှားဆုံး YBS ယာဥ်လိုင်းနံပါတ်နဲ့ လူစုပြုံမှု အများဆုံးမှတ်တိုင်၊ ကားစီးဖို့အတွက် ကြုံတွေ့ရတဲ့ အခက်အခဲ စတာတွေကို မေးထားတာ တွေ့ရပါတယ်။

နေ့စဥ် ဘတ်စ်ကားစီး ခရီးသွားတယောက်က “YBS စီးရတာ စစချင်းလောက် အဆင်မပြေတော့ဘူး။ ကားတွေလည်း စုတ်လာတယ်။ ထွက်တဲ့ကားစီးရေနဲ့ ခရီးသည် မမျှလို့ လူအရမ်းကြပ်တာတွေ ပိုကြုံရတယ်။ စစ်တမ်းကောက်နေတယ်ဆိုတာ မသိဘူး၊ တကယ်ပြုပြင်မယ်ဆိုရင် ကောင်းတာပေါ့၊ ဟန်ပြလုပ်တာမဟုတ်ရင် ပြီးတာပဲ” လို့ ပြောပါတယ်။

ရန်ကုန်မြို့မှာ YBS ဘတ်စ်ကားစနစ်ကို ၂၀၁၇ မှာ ပြောင်းလဲကျင့်သုံးခဲ့တာဖြစ်ပြီး အစပိုင်းက အစားထိုး ပြေးဆွဲတဲ့ ဘတ်စ်ကားအသစ်တချို့မှာ ဟောင်းစုတ်လာတာတွေ ရှိတယ်လို့ ခရီးသွားတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း YBS ကားတွေကို မြို့အင်္ဂါရပ်နဲ့ညီအောင် ရေဆေးပြီးမှ လိုင်းထွက်ပြေးဆွဲခွင့်ပေးဖို့ ညွှန်ကြားချက် ထွက်ခဲ့တာ ရှိပါတယ်။

လက်ရှိ ရန်ကုန်မြို့မှာ YBS ကားစီးရေ ၃,၅၀၀ နီးပါး ပြေးဆွဲနေပြီး နေ့စဥ် စီးနင်းအသုံးပြုတဲ့ ခရီးသည် ၁ ဒသမ ၄ သန်းလောက် ရှိတယ်လို့ YRTC က ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013