စစ်ကောင်စီရဲ့ တက္ကသိုလ်ဝင်တန်း G-12 စာမေးပွဲ မြန်မာဘာသာဖြေဆိုတဲ့နေ့မှာ ဧရာဝတီတိုင်းထဲက မြို့နယ် ၄ ခုမှာ ဖြေဆိုဖို့ ပျက်ကွက်တဲ့ ကျောင်းသား၊ ကျောင်းသူ ၄၀၀ ကျော်အထိ ရှိတယ်လို့ ပညာရေးအသိုက်အဝန်းကနေ သိရပါတယ်။
စစ်ကောင်စီက ၂၀၂၅-၂၀၂၆ တက္ကသိုလ်ဝင်တန်း G-12 စနစ် စာမေးပွဲကို တနိုင်ငံလုံး အတိုင်းအတာနဲ့ မတ် ၁၁ ရက်က စတင်ကျင်းပနေပြီး မြန်မာစာဘာသာ စတင်ဖြေဆိုတဲ့နေ့မှာ မအူပင်၊ ကန်ကြီးထောင့်၊ အိမ်မဲ၊ အင်္ဂပူ စတဲ့ မြို့နယ် ၄ ခုကနေ ပျက်ကွက်တဲ့ ကျောင်းသား၊ ကျောင်းသူ အယောက် ၄၀၀ ကျော်အထိ ရှိတာလို့ သိရပါတယ်။
တိုင်းပညာရေးမှူးရုံးနဲ့ နီးစပ်သူက “လတ်တလော စာရင်းအရ မြို့နယ် ၄ မြို့နယ်မှာ ၄၀၀ ကျော် ပျက်ကွက်ပါတယ်။ ပျက်ကွက်တဲ့ မြို့နယ်တွေထဲမှာ မအူပင်မြို့နယ်က အများဆုံးဖြစ်ပါတယ်။ ကျန်မြို့နယ်တွေလည်း ပျက်ကွက်တာရှိတယ်” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းထဲက မြန်မာစာဘာသာရပ်ကို ဖြေဆိုဖို့ ပျက်ကွက်တဲ့ မြို့နယ် ၄ ခုထဲက မအူပင်မြို့နယ်က ဖြေဆိုဖို့ စာရင်းသွင်းထားသူ ၂,၀၉၈ ယောက်၊ ဖြေဆိုသူ ၁,၉၃၃ ယောက်၊ ပျက်ကွက်သူ ၁၆၅ ယောက်၊ အိမ်မဲမြို့နယ်က ဖြေဆိုဖို့ စာရင်းသွင်းထားသူ ၁,၂၁၇ ယောက်၊ ဖြေဆိုသူ ၁,၁၂၇ ယောက်၊ ပျက်ကွက်သူ အယောက် ၉၀၊ ကန်ကြီးထောင့်မြို့နယ်က ဖြေဆိုဖို့ စာရင်းသွင်းထားသူ အယောက် ၁,၃၂၀၊ ဖြေဆိုသူ ၁,၂၃၆ ယောက်၊ ပျက်ကွက်သူ ၈၄ ယောက်နဲ့ အင်္ဂပူမြို့နယ်က ဖြေဆိုဖို့ စာရင်းသွင်းထားသူ ၁,၄၀၃ ယောက်၊ ဖြေဆိုသူ ၁,၃၁၁ ယောက်၊ ပျက်ကွက်သူ ၉၂ ယောက်၊ စုစုပေါင်း ၄၀၀ ကျော်အထိ ပျက်ကွက်ခဲ့တာလို့ သိရပါတယ်။
စစ်ရှောင် ကျောင်းသားမိဘတယောက်က “ဖြေတာက အဓိက မြို့ပေါ်ကျောင်းသားတွေပဲပေါ့။ ရေကြည်တို့၊ လေးမျက်နှာတို့လို နယ်ကကျောင်းသားတွေကကျတော့ သွားလာရေး အခက်အခဲတွေရယ်၊ တိုက်ပွဲတွေကြောင့် စိုးရိမ်တာရယ်၊ နောက် အခက်အခဲတွေ အမျိုးမျိုးကြောင့် မဖြေခိုင်းတာတွေလည်း ရှိပါတယ်” လို့ ပြောပါတယ်။
တက္ကသိုလ်ဝင်တန်း G-12 စာမေးပွဲဖြေဆိုဖို့ ပျက်ကွက်တဲ့ ကျောင်းသား၊ ကျောင်းသူ အများစုဟာ စစ်ရှောင်ဒေသကနေ စာရင်းသွင်းထားပြီး လာရောက်ဖြေဆိုဖို့ ပျက်ကွက်တဲ့ ကလေးတွေ အများဆုံး ပါဝင်တယ်လို့ ပညာရေးအသိုက်အဝန်းကနေ သိရပါတယ်။
စစ်ကောင်စီက ဒီနှစ် တက္ကသိုလ်ဝင်တန်း G-12 စာမေးပွဲကို မတ် ၁၁ ရက်ကနေ ၁၇ ရက်အထိ ဖြေဆိုကြရမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။






