Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် မတ်ပဲအထွက်နှုန်း ကျဆင်းမှုကြောင့် တောင်သူများ အခက်တွေ့
DVB
·
March 10, 2026
Photo: Taw Win
Photo: Taw Win

ဧရာဝတီတိုင်းမှာ မတ်ပဲတွေ အထွက်နှုန်းကျဆင်းနေတာကြောင့် မတ်ပဲစိုက်တောင်သူတွေ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ ဧရာဝတီတိုင်းထဲက ဒေသခံတောင်သူတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းမှာ အခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ စိုက်ပျိုးထားတဲ့ မတ်ပဲသီးနှံတွေကို မတ်လမှာ စတင်သိမ်းဆည်းနေတာဖြစ်ပြီး အရင်နှစ်တွေက မတ်ပဲတဧကကို ပျမ်းမျှ တင်း ၃၀ ကျော်အထိ ထွက်ရှိခဲ့ပေမဲ့ အခုနှစ်မှာ မတ်ပဲတဧက ပျမ်းမျှ ၁၂ တင်းလောက်သာ အများဆုံးထွက်ရှိပြီး ပုံမှန် မတ်ပဲတဧက တင်း ၃၀ ကျော် ထွက်ရှိတာဖြစ်တယ်လို့ သိရပါတယ်။

ကျုံပျော်မြို့နယ်က ဒေသခံ လယ်သမားတယောက်က “ဒီနှစ် ပဲအထွက်နှုန်း တော်တော်နည်းတာ။ တခြားပဲတွေတော့ မသိဘူး၊ မတ်ပဲကတော့ အတော်လျော့တယ်။ တိုးမထွက်ရင်တောင် မလျော့ရင် ခံသာသေးတယ်။ တဧက ၂၅ တင်းနှုန်းကနေ ၂၇ တင်းလောက် ထွက်ရင်တောင် အဆင်ပြေတယ်။ ကုန်ဈေးနှုန်းတွေက အဆမတန် ထိုးတက်နေတာ။ ပဲတွေ အပင်သန်၊ အပွင့်ကောင်း၊ အသီးတင်ဆေးတွေက လွယ်လွယ်ဝယ်မရဘူး။ ဝယ်ရတဲ့အချိန် ဆေးဖျန်းဖို့က ရက်လွန်နေပြီ။ ဈေးကလည်း ခေါင်ခိုက်” လို့ ပြောပါတယ်။

မတ်ပဲသီးနှံအထွက်နှုန်း ကျဆင်းသွားရတဲ့ အချက်ဟာ ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် ပဲခင်းတွေ ပိုးဝင်တာ၊ အရွက်တွေ အဝါရောင်ပြောင်း ပဲအပင်တွေ ခြောက်သေတာ၊ စစ်တပ်က အာဏာသိမ်းထားတာကြောင့် စိုက်ပျိုးရေးသွင်းအားစုတွေ ဈေးအဆမတန် ထိုးတက်နေတာ၊ မတ်ပဲတွေ အထွက်ကောင်းစေဖို့၊ ပိုးမွှားအန္တရာယ် မကျရောက်စေဖို့ သုံးနေကျ ပိုးသတ်ဆေးတွေ၊ အပင်အားဆေး၊ ပေါင်းသတ်ဆေး၊ မြေသြဇာတွေ အပြည့်အဝ မသုံးစွဲနိုင်တာနဲ့ ဒေသ မတည်ငြိမ်မှုတွေကြောင့် လယ်ယာလုပ်ငန်းတွေကို စနစ်တကျ မလုပ်နိုင်တာတွေ စတဲ့ အကျိုးဆက်တွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းက ပဲအမျိုးမျိုးရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင်တယောက်က “အခုနှစ် မတ်ပဲက နှစ်ဆလျော့ကျနေတယ်လို့ သိရပါတယ်။ ပဲဈေးကတော့ မဆိုးဘူး။ ပဲဈေးရှိပေမဲ့ တောင်သူတွေ ပဲမထွက်တော့ အကျိုးမရှိတာပေါ့။ ပဲဈေးက ပြည်ပက အဝယ်လိုက်နေလို့ ဈေးမြောက်နေတာ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ လက်ရှိ အရည်အသွေးသတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ မတ်ပဲ ၁၆ ပြည်ဝင် တအိတ်ကို ကျပ် ၁၀၀,၀၀၀ ကျော်အထိ ဈေးရှိနေပြီး မတ်ပဲကို ဧရာဝတီတိုင်းထဲက ပဲရောင်းဝယ်ရေး လုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်ကာ ရန်ကုန်ဈေးကွက်က ဝယ်လက်တွေက အဓိက ဝယ်ယူနေတယ်လို့ သိရပါတယ်။

လက်ရှိ မတ်ပဲ ကာလပေါက်ဈေးအတိုင်း တွက်ချက်ပါက ပိုးမွှားအန္တရာယ်ကင်းရှင်းပြီး အရည်အသွေး သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ပဲတဧကကို ၂၅ တင်းနှုန်းအထက် ထွက်ရှိပါက တောင်သူတွေအဖို့ အကျိုးအမြတ်နည်းပါးပေမဲ့ အဆင်ပြေတယ်လို့ ဒေသခံတောင်သူတွေက ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ တောင်သူတွေဟာ မတ်ပဲတွေ အထွက်နှုန်းကျဆင်းနေတဲ့အပြင် လယ်ယာသုံး စက်သုံးဆီ လိုသလောက်ဝယ်မရတာ၊ စက်သုံးဆီဈေးတွေ ထပ်တက်လာတာ၊ ဓာတ်မြေသြဇာဈေးတွေ ပြန်မကျတာ၊ အရင်က ချေးထားတဲ့ ချေးငွေတွေကို အတင်းတောင်းနေတာ စတဲ့ အခက်အခဲတွေနဲ့လည်း ကြုံနေရတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းဟာ ပြည်တွင်းမှာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်တဲ့ တိုင်းဒေသကြီးတခု ဖြစ်ပြီး တောင်သူတွေ လယ်ယာစိုက်ပျိုးရေးကို အဆင်ပြေပြေ မလုပ်နိုင်ရင် နိုင်ငံရဲ့ ရိက္ခာအတွက်ပါ ထိခိုက်လာနိုင်တယ်လို့ ကုန်သည်တွေ၊ လယ်သမားတွေနဲ့ လယ်သမားအရေး ဆောင်ရွက်နေသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013