Home
မြန်မာသတင်း
စုံနှင့်မ ယာဉ်မောင်းကန့်သတ်ချက်ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားများ အခက်ကြုံ
DVB
·
March 9, 2026
Photo: Taw Win / KKL

ဧရာဝတီတိုင်းမှာ စစ်ကောင်စီရဲ့ စုံရက်နဲ့ မရက် ယာဉ်မောင်းခွင့် ကန့်သတ်ချက်ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမဲ့ ကျောင်းသား၊ ကျောင်းသူတွေ အခက်အခဲကြုံနေကြတယ်လို့ ကျောင်းသားမိဘတွေဆီက သိရပါတယ်။

မတ် ၁၁ ရက်မှာ စတင်ကျင်းပမဲ့ တက္ကသိုလ်ဝင်တန်း G-12 စာမေးပွဲကို ဖြေဆိုကြမဲ့ ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ စာမေးပွဲဖြေဆိုတဲ့ ကာလအတွင်း မော်တော်ယာဉ်နဲ့ ဆိုင်ကယ်တွေကို စုံနဲ့မ သတ်မှတ်ချက်နဲ့သာ သွားလာရပါက စာမေးပွဲသွားဖြေဆိုတဲ့အခါ အခက်ခဲတွေ ရှိနိုင်တာလို့ သိရပါတယ်။

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်က ကျောင်းသားမိဘတယောက်က “ဘယ်လိုမှ အဆင်မပြေဘူးလေ။ စုံယာဉ်ရှိတဲ့သူက မရက်ယာဉ်မရှိရင် စာမေးပွဲ သွားဖြေလို့မရမဲ့ အခြေအနေ ဖြစ်နေတာ။ သက်ဆိုင်ရာက တခုခုဆောင်ရွက်ပေးမှကို အဆင်ပြေမှာ။ မဟုတ်ရင် မလွယ်ဘူး။ ဧရာဝတီတိုင်းဘက်မှာက ဆိုင်ကယ်တွေကို အသုံးပြုတာများတယ်။ အခု ဆိုင်ကယ်တွေပါ အကျုံးဝင်တယ်ဆိုတော့ ဒုက္ခပတ်တယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမဲ့ ကျောင်းသား၊ ကျောင်းသူတွေ စာ​မေးပွဲကာလ မော်တော်ယာဉ်၊ ဆိုင်ကယ်တွေ စုံနဲ့ မ မခွဲဘဲ စီးခွင့်ရဖို့ စီစဉ်ထားတယ်လို့ ဧရာဝတီတိုင်း၊ ပညာရေးဦးစီးဌာနနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“တိုင်းအစိုးရအဖွဲ့ကို ပညာရေးဘက်က တင်ပြတယ်။ အစိုးရအဖွဲ့က ခွင့်ပြုတယ်လို့ သိရပါတယ်။ ယာယီစီးခွင့်ကတ်ပြားလိုဟာမျိုး ထုတ်ပေးလိမ့်မယ်လို့ သိရတယ်။”

တက္ကသိုလ်ဝင်စာမေးပွဲကာလ စာမေးပွဲဖြေဆိုကြမဲ့ ကျောင်းသားတွေအနေနဲ့ စုံရက်နဲ့ မရက် မခွဲခြားဘဲ ယာဉ်တွေစီးခွင့်ရဖို့ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပညာရေးဌာနက ပေါင်းစပ် ကြပ်မတ် ဆောင်ရွက်သွားရမယ်လို့ ညွှန်ကြားထားကြောင်း သိရပါတယ်။

ဒါ့အပြင် စာမေးပွဲခန်းစောင့် တာဝန်ယူရမဲ့ ကျောင်းဆရာ၊ ဆရာမတွေပါ ယာဉ်စီးရဖို့အတွက် အခက်တွေ့နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီက စက်သုံးဆီ ခြိုးခြံချွေတာရေး စီမံချက်ဆိုပြီး ပုဂ္ဂလိက မော်တော်ယာဉ်တွေနဲ့ မော်တော်ဆိုင်ကယ်တွေကို စုံရက်နဲ့ မရက်တွေမှာသာ မောင်းနှင်သွားလာကြဖို့ မတ် ၇ ရက်က စတင်သတ်မှတ်တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013