Home
မြန်မာသတင်း
ချင်းတွင်းမြစ်အတွင်း ရေဆင်းကူးသည့် ကျောင်းသား ၄ ဦး ရေနစ်သေဆုံး
DVB
·
March 6, 2026
Photo: Jao Osadha + CJ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ချင်းတွင်းမြစ်ထဲ ရေဆင်းကူးတဲ့ ကျောင်းသားကျောင်းသူ ၄ ယောက် ရေနစ်သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

မတ် ၄ ရက် ညနေလောက်မှာ ကျောင်းသားတွေ ချင်းတွင်းမြစ်ထဲ ရေဆင်းကူးကြရာမှာ ၄ ယောက် ရေနစ်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ကူညီဆောင်ရွက်ပေးသူတယောက်က “ချင်းတွင်းမြစ်ဆိပ်မှာ ရေကူးရင်းဖြစ်တာ။ ရေနစ်သေဆုံးမှု ဖြစ်ခဲ့တဲ့ ကလေးတွေက နာဂနှစ်ခြင်းအသင်းတော်ရဲ့ အသင်းဝင်ကလေးတွေလို့ သိရတယ်။ ရေဆင်းကူးတဲ့ ကလေးတွေ အားလုံး ၁၁ ယောက်ပါ။ ကလေး ၄ ယောက် ဆုံးပါးသွားခဲ့တာ” လို့ ပြောပါတယ်။

ရေနစ်သေဆုံးသွားတဲ့ ကလေးတွေဟာ နောင်ဖွတ်မော်ရပ်ကွက်မှာ နေထိုင်ကြပြီး ပထမတန်းကျောင်းသားတယောက်၊ ပဉ္စမတန်းကျောင်းသားတယောက်၊ ဆဌမတန်းကျောင်းသူ တယောက်နဲ့ ဒသမတန်းကျောင်းသူတယောက်တို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “ကလေးတွေရဲ့ ရုပ်အလောင်းတွေကို မနေ့ ၅ ရက် မနက်ပိုင်းက တွေ့တာ။ ရုပ်အလောင်းတွေကို ဟုမ္မလင်းမြို့ ရင်ခွင်ရုံမှာ ပို့ဆောင်ထားတယ်” လို့ ပြောပါတယ်။

ချင်းတွင်းမြစ်ထဲက ရေစီးအားပြင်းထန်တဲ့ နေရာတခုမှာ ကလေးတွေ ရေနစ်ခဲ့တာဖြစ်ပြီး မိုးရာသီ မဟုတ်ပေမဲ့ ရေစီးပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါကြောင့် ကလေးတွေ ရေနစ်သေဆုံးခဲ့တဲ့နေရာမှာ လာမဲ့ ပူပြင်းတဲ့နွေရာသီ ရေဆင်းကူးတာ၊ ရေချိုးတာတွေ လုပ်ပါက ကလေးငယ်တွေအနေနဲ့ အထူးသတိပြုဖို့ လိုအပ်တယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက အကြံပြုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013