Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့်သူ တိုးလာ
DVB
·
March 10, 2026
Photo: Taw Win

ဧရာဝတီတိုင်းမှာ စစ်ကောင်စီရဲ့ အခုနှစ် တက္ကသိုလ်ဝင်တန်း G-12 စာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့ စာရင်းသွင်းထားတဲ့ ကျောင်းသား ကျောင်းသူ များပြားပြီး ပြီးခဲ့တဲ့နှစ်ထက် တိုးလာတယ်လို့ တိုင်းပညာရေးဦးစီးဌာနနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

မတ် ၁၁ ရက်မှာ စတင်ကျင်းပမဲ့ ၂၀၂၅-၂၀၂၆ စာသင်နှစ်အတွက် ဧရာဝတီတိုင်းထဲမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ G-12 ဖြေဆိုမဲ့ ကျောင်းသား ကျောင်းသူ ၃၉,၃၂၇ ယောက်အထိ ရှိပြီး မနှစ်က ဖြေဆိုတဲ့သူ ၃၂,၂၄၁ ယောက်သာ ရှိခဲ့တာကြောင့် ဖြေဆိုသူ ၇,၀၀၀ ကျော်အထိ တိုးလာတယ်လို့ သိရပါတယ်။

တိုင်းပညာရေးဦးစီးဌာနနဲ့ နီးစပ်သူတယောက်က “စာမေးပွဲအကြိုကာလနဲ့ စာမေးပွဲဖြေဆိုနေတဲ့ ကာလတွေမှာ လိုအပ်ချက်တွေ မရှိစေဖို့ ကြိုတင်ပြင်ဆင်ထားပါတယ်။ အဓိက,ကတော့ မီးဘေးပေါ့။ အခုနှစ်မှာ စာမေးပွဲဖြေဆိုသူဦးရေ တိုးလာတာ ဟုတ်ပါတယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ အခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တတိုင်းလုံးအတိုင်းအတာနဲ့ စာစစ်ဌာန ၂၄၇ ခုအထိ ပြင်ဆင်ထားပြီး စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့က လုံခြုံရေးနဲ့ ကြီးကြပ်ရေး လုပ်ငန်းတွေကို အဓိက တာဝန်ယူသွားမှာလို့ သိရပါတယ်။

ပုသိမ်က ကျောင်းသားမိဘတယောက်က “ကောင်းကောင်းဖြေဆိုနိုင်ဖို့ပဲ အားပေးနေရတယ်။ ကုန်ကျစရိတ်တွေက အရင် အရပ်သားအစိုးရလက်ထက်ထက် များစွာကွာခြားတယ်လေ။ အခုဆို စာမေးပွဲဖြေဆိုဖို့ စက်သုံးဆီဖိုး အနည်းဆုံး ၅ သိန်းလောက် ဆောင်ထားရတယ်။ ဆိုင်ကယ်စီးဖို့ စုံရက်နဲ့ မရက် ကန့်သတ်ချက်ကြောင့်လည်း ကလေးတွေမှာ ဖိအားတွေ ဖြစ်နေရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ အခုနှစ် တက္ကသိုလ်ဝင်တန်း G-12 စာမေးပွဲကို ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်က ၇,၆၀၉ ယောက်၊ ကျုံပျော်ခရိုင်က ၄,၁၅၈ ယောက်၊ မအူပင်ခရိုင်က ၅,၆၈၅ ယောက်၊ လပွတ္တာခရိုင်က ၃,၂၁၃ ယောက်၊ ဖျာပုံခရိုင်က ၅,၈၀၆ ယောက်၊ မြောင်းမြခရိုင်က ၅,၆၇၉ ယောက်၊ ဟင်္သာတခရိုင်က ၄,၂၀၂ ယောက်နဲ့ မြန်အောင်ခရိုင်က ၂,၉၇၅ ယောက်တို့ ဝင်ရောက်ဖြေဆိုဖို့ ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ စာသင်နှစ်က ဧရာဝတီတိုင်းမှာ စာစစ်ဌာန စုစုပေါင်း ၂၄၅ ခုအထိ ဖွင့်လှစ်ခဲ့ပြီး စာမေးပွဲဖြေဆိုခဲ့သူ ၃၂,၂၄၁ ယောက်နဲ့ ဖြေဆိုဖို့ ပျက်ကွက်သူ ၂,၀၃၄ ယောက်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013